၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
ယီမင်နိုင်ငံတွင်း ပဋိပက္ခက နိုင်ငံ၏နယ်နိမိတ်ကိုကျော်လွန်ပျံ့နှံ့၍ ပိုမိုပြင်းထန်လာခဲ့ရာတွင် ယီမင် နိုင်ငံမှ ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ King Khalid နိုင်ငံတကာလေဆိပ်ကို ဒုံးကျည်ဖြင့် အောက်တိုဘာလ ၈ ရက်က တိုက်ခိုက်ခဲ့မှုကြောင့် လူ သုံးဦး သေဆုံးကာ လေဆိပ်လုပ်ငန်းလည်ပတ်မှုများ ထိခိုက်ခဲ့ကြောင်း သူပုန်အဖွဲ့က ပြောကြားခဲ့သည်။
ဟူသီအဖွဲ့က ထိုတိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုခဲ့သည်။ ဤလက်နက်ကိုင်အဖွဲ့အနေဖြင့် ယခုတစ်ပတ်အတွင်း အဆိုပါလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည့် တတိယအကြိမ်မြောက် ဖြစ်ရပ်လည်း ဖြစ်သည်။
ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာရာ ဆာရီးက “ကျွန်ုတော်တို့ရဲ့ တပ်ဖွဲ့တွေဟာ ရီယာ့ဒ်မြို့က King Khalid နိုင်ငံတကာလေဆိပ်ကို တိုက်ချင်းပစ်ဒုံးကျည်နဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ဒုံးကျည်ဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်စေခဲ့ပါတယ်” ဟု X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
ယီမင်နိုင်ငံတွင်း ပဋိပက္ခသည် ဇူလိုင်လတွင် ပြန်လည်စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏နယ်နိမိတ်ကို ကျော်လွန်၍ ပိုမိုပျံ့နှံ့ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီ တစ်ရက်အလိုတွင် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားပြီး နိုင်ငံတကာက အသိအမှတ်ပြုထားသော ယီမင်အစိုးရက နယ်မြေများ ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဝင်နေသည့် ဟူသီသူပုန်များကို ဆန့်ကျင်တိုက်ခိုက်မည့် စစ်ဆင်ရေးကြီးတစ်ခု စတင်ကြောင်း ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူပုန်အဖွဲ့သည် ခရီးသည်တင်လေကြောင်းလိုင်းများအား ဆော်ဒီလေပိုင်နက်အတွင်း ဖြတ်သန်းပျံသန်းခြင်း မပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“ဆော်ဒီလေပိုင်နက်အတွင်း ဖြတ်သန်းပျံသန်းမှုတွေ ဆက်လက်မလုပ်ဆောင်ကြဖို့ နိုင်ငံတကာ လေကြောင်းလိုင်းအားလုံးကို ကျွန်ုပ်တို့ရဲ့ တောင်းဆိုချက်နဲ့ သတိပေးချက်ကို နောက်ဆုံးအကြိမ်အဖြစ် ထပ်လောင်းပြောကြားလိုပါတယ်” ဟု ဆာရီးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ အဆိုအရ ယင်းပဋိပက္ခကြောင့် ယီမင်နိုင်ငံအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ယခုတစ်ပတ်အတွင်း ယီမင်အစိုးရက ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက်နှင့် မိုခါ ဆိပ်ကမ်းမြို့ဝန်းကျင်ရှိ မဟာဗျူဟာကျသော နေရာများမှ ဟူသီတိုက်ခိုက်ရေးသမားများကို မောင်းထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ်-မာလီကီက ယီမင်နိုင်ငံ၏ ဆတ်ဒါ၊ မာရစ်၊ အယ်လ် ဂျော့ဖ် နှင့် အယ်လ်ဟူဒေဒါ ပြည်နယ်များရှိ ဟူသီတို့၏ စစ်ရေးပစ်မှတ် ၈၂ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုမည်မျှရှိသည်ကိုမူ အသေးစိတ် မပြောကြားခဲ့ရာ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။
Ref: DW News
