သတိုး
၈.၁၀. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
■ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး
မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံအတွက် အရေးပါသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ အာဆီယံအတွက်လည်း အရေးပါကြောင်း၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သော်လည်း ထိတွေ့ဆက်ဆံမှုများ လျော့နည်းခဲ့သဖြင့် ရှိရင်းစွဲချစ်ကြည်ရေးကို ပြန်လည်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး နှစ် ၇၀ ပြည့်မည့် ၂၀၂၈ ခုနှစ်တွင် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် သံတမန်ရေး၊ လွှတ်တော်နှင့် ကဏ္ဍစုံဆက်ဆံရေးများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း (G to G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B to B) ဆက်ဆံရေး တိုးမြှင့်ရေးနှင့် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ သံတမန်နယ်မြေတွင် မြန်မာနိုင်ငံ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် နေရာရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။
■ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်
နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့သည်။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရှိရင်းစွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
◾ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် နည်းပညာ ပူးပေါင်းရေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများတွင် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ မလေးရှားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
■ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူချင်းဆက်ဆံမှု မြှင့်တင်မည်
မလေးရှားနိုင်ငံတွင် မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနပူးပေါင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးကဏ္ဍတွင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးအပြင် မီဒီယာကဏ္ဍ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ရန်ကုန်–ကွာလာလမ်ပူနှင့် ရန်ကုန်–ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ၊ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များကို အသုံးချ၍ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ မြန်မာအလုပ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် နေရပ်ပြန်ခေါ်ဆောင်ရေး
မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနှင့် လူမှုဖူလုံရေး ပိုမိုကောင်းမွန်စေရေး၊ တရားဝင်လမ်းကြောင်းမှ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေးနှင့် ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စများ ချောမွေ့စေရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် နေရပ်ပြန်လည်ခေါ်ဆောင်ရေး ဆောင်ရွက်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်သွားရေး ဆွေးနွေးခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားများအရေးကြောင့် မလေးရှားနိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်မည်
ထို့အတူ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား သတင်းအချက်အလက်မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လုံးဝလက်မခံသည့်မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများအား စိစစ်ဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။
■ အာဆီယံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာကိစ္စများ ဆွေးနွေး
အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမြင်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကိစ္စများနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထိန်းသိမ်းရေးနှင့် အာဆီယံမူဘောင်အတွင်း လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများ ရှာဖွေဖော်ဆောင်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
■ သဘာဝဘေးနှင့် လူသားချင်းစာနာမှု ပူးပေါင်းရေး
၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံသားဖြစ်မှုစိစစ်ရေးဆိုင်ရာ အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်သူများအား ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
■ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ရေး
နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ သံတမန်ရေးရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအကြား ဆက်လက်ထိတွေ့ဆက်ဆံ၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး သဘောထားဖလှယ်ခဲ့ကြသည်။
တွေ့ဆုံမှုမှတစ်ဆင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
