သတိုး
၈. ၁၀. ၂၀၂၆
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူသို့ နှစ်ရက်တာခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမိနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားအစိုးရအဖွဲ့မှ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် မလေးရှား – မြန်မာ အဆင့်မြင့်စီးပွားရေးဖိုရမ်၊ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue) စသည်တို့ကို တက်ရောက်ခဲ့သလို ယနေ့နံနက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယနေ့နံနက် ၉ နာရီအချိန် ဝန်ကြီးချုပ်အိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုမှုကို ခံယူခဲ့သည်။ ထို့အပြင် မလေးရှားဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ချင်း တွေ့ဆုံမှု၊ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုနှင့် သတင်းစာရှင်းလင်းပွဲကျင်းပမှုတို့အပြင် မလေးရှားဝန်ကြီးချုပ်တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
