၈.၁၀.၂၀၂၆
Written by NYL
ရန်ကုန်မြို့၏ မြေအောက်ရေးသုံးစွဲမှုရပ်ဆိုင်းစေရန်နှင့် ရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် Master Plan အနေဖြင့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေးစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို စနစ်တကျ တိကျစစ်ဆေးခြင်း၊ ရေမီတာစနစ်များ တပ်ဆင်စေခြင်းနှင့် တရားမဝင် မြေအောက်ရေ အဝီစိတွင်း အသစ်တူးဖော်မှုများကို အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်မြို့တော်ဝန်က ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ Master Plan မှာ မြေအောက်ရေ အလွန်အကျူး ထုတ်ယူသုံးစွဲမှုကြောင့် မြေအောက်ရေ ခမ်းခြောက်ခြင်း၊ ရေငန်ဝင်ရောက်ခြင်း၊ မြေနိမ့်ဆင်းခြင်းများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ရန်ကုန်မြို့ရဲ့ မြေအောက်ရေသုံးစွဲမှု ရပ်ဆိုင်းသွားစေဖို့နဲ့ ရန်ကုန်မြို့ကို ရေလုံလောက်စွာပေးဝေနိုင်ဖို့ အနာဂတ် ရေပေးဝေရေးစီမံကိန်းများဖြစ်တဲ့ ကုက္ကိုဝ ရေပေးဝေရေးစီမံကိန်းနဲ့ တိုးမြစ် ရေပေးဝေရေးစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်လျက်ရှိပြီးတော့မှ ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ပြီဆိုရင် မြေအောက်ရေ သုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနဲ့ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အစီအမံများ ချမှတ်ထားပြီးဖြစ်ကြောင်းနဲ့ လက်ရှိ တရားမဝင် တူးဖော်မှုများကိုလည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌကြီးမှတဆင့် လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေအရင်းအမြစ်များဖြစ်သည့် လှော်ကား ရေလှောင်ကန်၊ ဂျိုးဖြူ ရေလှောင်ကန်၊ ဖူးကြီး ရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ၊ လဂွန်းပြင် ရေသန့်စင်စက်ရုံနှင့် ၎င်းအပြင် သဲဖြူနှင့် ရန်ကုန်ပေါက်ရေပေးဝေရေစခန်း နှစ်ခုမှလည်း ရန်ကုန်မြို့နေ ပြည်သူများကို နေ့စဉ် ရေဂါလန် ၂၄၄ သန်း ဖြန့်ဝေပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
ဆက်လက်၍ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရေချိန်ရရှိမှု နည်းပါးလာသည့်အတွက် လှော်ကားကန် ရေဧရိယာ တစ်နှစ်ထက်တစ်နှစ် ပိုမို ဆင်းလာမှုကို ကုစားနိုင်ရန်အတွက် လှော်ကားရေလှောင်ကန်သို့ တစ်နေ့လျှင် ရေဂါလန် သန်း ၆၀ ဖြည့်တင်းနိုင်မည့် လှိုင်မြစ်-လှော်ကား ရေအားဖြည့် စီမံကိန်းကို ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် စီမံကိန်းပြီးစီးခဲ့ကာ အဆိုပါ လှော်ကားရေလှောင်ကန်ကို အနယ်ကျသန့်စင်ပြီး ရေဖြည့်တင်းပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
လက်ရှိ ရန်ကုန်မြို့ ရေဖြန့်ဝေပေးဝေမှုအနေဖြင့် ရေပို့ ပိုက်လိုင်းအရှည် ၄၈၆ မိုင်၊ ရေဖြန့်ဖြူးပိုက်လိုင်းအရှည် ၁၂၅၆ မိုင်၊ ရေစုကန်နှင့် ထပ်ဆင့် ရေတွန်းစက်ရုံများကို အသုံးပြုပြီး ရန်ကုန်မြို့၏ ၆၁ ရာခိုင်နှုန်းကို ရေလွှမ်းခြုံပေးဝေလျက်ရှိကြောင်း၊ အိမ်ထောင်စု လူဦးရေ ၃ ဒသမ ၁၉ သန်းခန့်ကို ရေမီတာများ တပ်ဆင်၍ ရေကို ဆက်သွယ်ပေးလျက်ရှိကြောင်း သိရသည်။
