၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံတွင် ဟိုချီမင်းမြို့လမ်းမများပေါ်မှ အိမ်မွေးကြောင်များကို ညဘက်အချိန်တွင် ခိုးယူခဲ့ကြသူများဟု သံသယရှိရသူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယခုသီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၁၆ နှစ်မှ ၃၉ နှစ်ကြားရှိ အဆိုပါသံသယရှိသူများသည် ကြောင်များကို အစားအစာအဖြစ် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ခိုးယူခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ထိုသူများသည် ဟိုချီမင်းမြို့တွင် ကြောင်ကောင်ရေ ၂,၇၀၀ ခိုးယူဖမ်းဆီးပြီး သတ်ဖြတ်ရောင်းချခဲ့ကြောင်း ပြောခဲ့သည်။
၎င်းတို့ထံမှ ကြောင်ဖမ်းထောင်ချောက်များ၊ လှောင်အိမ်များနှင့် အမွေးချွတ်သည့် ကိရိယာများကို တွေ့ရှိခဲ့ရကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှု ပြုလုပ်စဉ် ကြောင်အများအပြားကို ကယ်တင်နိုင်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ အချို့ဒေသများ၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကြောင်သားဟင်းလျာများကို ဆက်လက်ရောင်းချလျက်ရှိပြီး ၎င်းတို့ကို “ကျားငယ်” ဟု တင်စားခေါ်ဝေါ်ကာ ဆေးဖက်ဝင် ဂုဏ်သတ္တိရှိသည်ဟု စားသုံးသူအချို့က ယုံကြည်ကြသည်။
အိမ်မွေးကြောင်များ ညဘက်တွင် ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ ဒေသခံများ၏ တိုင်ကြားချက်များကြောင့် ယခုကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အသက် ၃၉ နှစ်အရွယ် လူသန်ဘင်း ဆိုသူအား ကြောင်ခိုးဂိုဏ်းခေါင်းဆောင်နှင့် ဖြန့်ဖြူးသူအဖြစ် အာဏာပိုင်များက သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ၎င်းက အသက်ရှင်လျက်ရှိသော ကြောင်များကို လည်းဝယ်ယူပြီး ကြောင်သားလိုချင်သူများထံ ပြန်လည်ရောင်းချလေ့ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
ဤလုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ဘင်းသည် လူငယ်များကို စုဆောင်းကာ လူနေရပ်ကွက်များတွင် ကြောင်များဖမ်းဆီးစေသည့် လုပ်ဖော်ကိုင်ဖက်အချို့နှင့် လက်တွဲလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ခိုးယူရာတွင် အသုံးပြုသည့် ထောင်ချောက်များကိုလည်း ၎င်းက ထောက်ပံ့ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါအဖွဲ့သည် အဓိကအားဖြင့် ည ၁၁ နာရီမှ နံနက် ၄ နာရီကြားအချိန်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အိမ်မွေးကြောင်များရှိသည့် နေအိမ်များအပြင်ဘက်တွင် ငါးအစာနှင့် ထောင်ချောက်များကို အသုံးပြုခဲ့ကြသည်။ ဖမ်းမိသော တိရစ္ဆာန်များကို လျင်မြန်စွာ စုဆောင်းပြီး ရောင်းချရန်အတွက် သယ်ယူပို့ဆောင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ရဲတပ်ဖွဲ့သည် ကြောင် ၁၃ ကောင်ကို ၎င်းတို့၏ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော တိရစ္ဆာန်များကိုမူ ပိုင်ရှင်များအား ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေစဉ်အတွင်း တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် HavePaws က စောင့်ရှောက်ထားကြောင်း သိရသည်။
Ref: Bangkok Post
