သတိုး
၈. ၁၀. ၂၀၂၆
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူသို့ နှစ်ရက်ကြာ တရားဝင် ခရီးစဥ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အမိနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဒုတိယသမ္မတများဖြစ်သော ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် မလေးရှား – မြန်မာ အဆင့်မြင့်စီးပွားရေးဖိုရမ်၊ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue) စသည်တို့ကို တက်ရောက်ခဲ့သလို ယနေ့နံနက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဝန်ကြီးချုပ်အိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုမှုကို ခံယူခဲ့သည်။ ထို့အပြင် မလေးရှားဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ချင်း တွေ့ဆုံမှု၊ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုနှင့် သတင်းစာရှင်းလင်းပွဲကျင်းပမှုတို့အပြင် မလေးရှားဝန်ကြီးချုပ်တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
