၈.၁၀.၂၀၂၆
Written by NYL
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်/ပြင်ဆင်သည့် အဆောက်အအုံ ၂၇၈၂ လုံးအား ဥပဒေနှင့်အညီ အရေးယူထားပြီး ဆက်လက်ဆောက်လုပ်မှုမရှိစေရေ တားမြစ်ဆိုင်းဘုတ်(ဗီနိုင်း)အနီများ တပ်ဆင်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က အောက်တိုဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပုစွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစိုးမြင့်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် စသည့်မြို့နယ်အချို့တွင် ခွင့်ပြုချက်မဲ့၊ လိုင်စင်မဲ့ အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်နေခြင်းကို မည်ကဲ့သို့အရေးယူမည်နှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့ခြင်ဖြစ်သည်။


ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ကျွန်တော်တို့ တင်ပြပါအတိုင်း ခရိုင်အလိုက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်၊ ပြင်ဆင်တဲ့ အဆောက်အဦးများကို ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ ကျွန်တော်တို့ အရေးယူထားတဲ့ စာရင်းဖြစ်ပါတယ်။ စုစုပေါင်း ခရိုင် (၁၀) ခုမှာ အဆောက်အဦးပေါင်း အားလုံးပေါင်း ၂၇၈၂ ခု ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ စည်ပင်သာယာရေး ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ထပ်မံဆောက်လုပ်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ကြိုတင်စိစစ်၊ တားဆီး၊ ဖျက်သိမ်း၊ ရှင်းလင်းရေးအဖွဲ့” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် စာထွက်၊ ဖွဲ့စည်းခဲ့ပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ဆဲ အဆောက်အအုံများ၊ ဆောက်လုပ်လျက်ရှိသော လိုင်စင်မဲ့ ကန်ထရိုက်တာနှင့် မြေရှင်တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေ ၂၀၁၈၊ ပုဒ်မ ၃၂၄၊ ၃၂၂ (က) အရ ပထမဦးစွာ စာတိုင်(၅)ဖြင့် တရားစွဲဆိုဆောင်ရွက်ပြီး ဒဏ်ငွေချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြို့နယ်ဥပဒေအရာရှိ၏ ဥပဒေအကြံပြုချက် ရယူပြီး ထပ်မံ၍ စာတိုင် (၆)ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်ကြောင်း၊ ထိုအခါတွင် ထောင်ဒဏ်၊ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်မဲ့ အဆောက်အဦးများကို ဆက်လက်ဆောက်လုပ်ခြင်း မရှိစေရန်နှင့် အများပြည်သူ သိရှိနိုင်ရန်အတွက် တားမြစ်ဆိုင်းဘုတ် အနီရောင် တပ်ဆင်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။


