၈.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ “မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အစိုးရကျောင်းများ၏ အရည်အသွေးနှင့် အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန်အဆို” ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်စန်းစန်းဝင်းက တင်သွင်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ၎င်းအဆိုကို တင်သွင်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် လုံခြုံစိတ်ချရသည့် အရည်အသွေးပြည့်ဝသည့် သင်ယူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် အစိုးရကျောင်းများ၏ အခြေခံအဆောက်အအုံနှင့် သင်ကြားရေးစနစ်ကို အမြန်ဆုံးအဆင့်မြှင့်တင်ပေးရန်အတွက် အဆိုတင်သွင်းခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်စန်းစန်းဝင်းက “နိုင်ငံတော်၏ မျိုးဆက်သစ်များအတွက် တိုက်ရိုက်သက်ဆိုင်နေသော အရေးကြီးသည့် ကိစ္စရပ်များဖြစ်ပါတယ်။ နိုင်ငံတော်ဘက်ဂျက်နဲ့ ပညာရေးကဏ္ဍတွင် ရန်ပုံငွေများကို ပိုမိုထိရောက်စွာသုံးစွဲပြီး ပျက်စီးနေသောကျောင်းများကို ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးခြင်းတို့ဖြင့် အရင်းအမြစ်များကို မျှတစွာခွဲဝေချထားပေးခြင်းတို့ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လုံခြုံစိတ်ချရသည့် အရည်အသွေးပြည့်ဝသည့် သင်ယူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် အစိုးရကျောင်းများ၏ အခြေခံအဆောက်အအုံနှင့် သင်ကြားရေးစနစ်ကို အမြန်ဆုံးအဆင့်မြှင့်တင်ပေးပါရန် ဤအဆိုကို ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် လွှတ်တော်သို့လေးစားစွာတင်သွင်းအပ်ပါတယ်” ဟု အဆိုတင်သွင်းခဲ့သည်။
ထို့နောက် ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်မိုးကျော်က ထောက်ခံကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကိုယ်စားလှယ်အားလုံးက သဘောတူညီကြောင်း ထောက်ခံကြသည်။
ထို့ကြောင့် ၎င်းအဆိုကို လက်ခံဆွေးနွေးရန်သင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သိရသည်။
