၈.၁၀.၂၀၂၆
Written by NYL
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)အဖြစ် ကျပ် ၁၀၅၃ ဒသမ ၀၉၄ ဘီလျံ လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့၌ တင်သွင်းခဲ့သည်။
အဆိုပါ လျာထားသည့် စုစုပေါင်းအသုံးစရိတ် ကျပ် ၁၀၅၃ ဒသမ ၀၉၄ ဘီလျံအနက် ပြည်သူလူထုသို့ တိုက်ရိုက်ဖွံ့ဖြိုးရေးအတွက် လျာထားမှုမှာ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး သွယ်ဝိုက်အသုံးစရိတ်ဖြစ်သည့် စီမံခန့်ခွဲရေး အသုံးစရိတ် လျာထားမှုမှာ ၄၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းရာတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က “စုစုပေါင်းအသုံးစရိတ် ကျပ် ၁၀၅၃ ဒသမ ၀၉၄ အနက် ပြည်သူလူထုသို့ တိုက်ရိုက်ဖွံ့ဖြိုးရေးအတွက် လျာထားမှုမှာ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး သွယ်ဝိုက်အသုံးစရိတ်ဖြစ်သည့် စီမံခန့်ခွဲရေး အသုံးစရိတ် လျာထားမှုမှာ ၄၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူလူထု တိုက်ရိုက်အကျိုးရှိစေမည့် အသုံးစရိတ်များတွင် ဘဏ္ဍာငွေများကို ပိုမိုသုံးစွဲရန် လျာထားပြီး စီမံခန့်ခွဲမှုအသုံးစရိတ်များကို စိစစ် ထိန်းချုပ်၍ ခွဲဝေလျာထားပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများကို ခွဲဝေပေးရာတွင် တိုင်းဒေသကြီးအတွင်း ကောက်ခံရရှိသော အခွန် ရငွေများ၊ ဝန်ဆောင်မှုရငွေများနှင့် ပြည်ထောင်စုမှ ထောက်ပံ့ရငွေများအပေါ်အခြေခံ၍ ထိုရရှိသည့် ရငွေများအတိုင်း အသုံးစရိတ်များကို ခွဲဝေသုံးစွဲရပြီး ဘဏ္ဍာငွေများကို ခွဲဝေသုံးစွဲရာတွင် ပြည်သူလူထုအား တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအသုံးစရိတ်နှင့် သွယ်ဝိုက်အကျိုးဖြစ်ထွန်းစေမည့် စီမံခန့်ခွဲရေးအသုံးစရိတ်များ ဟူ၍ (၂)ပိုင်း ခွဲခြား၍ ခွဲဝေလျာထားကြောင်း စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ပြောကြားခဲ့သည်။
ထိုသို့ ခွဲဝေသုံးစွဲရာတွင် သွယ်ဝိုက်အကျိုးဖြစ်ထွန်းစေမည့် မဖြစ်မနေသုံးစွဲရမည့် လစာ၊ စရိတ်၊ ချီးမြှင့်ငွေနှင့် ပင်စင်၊ လုပ်အားခများအတွက် ကျပ် ၁၃၀ ဒသမ ၈၄၄ ဘီလျံ၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ကျပ် ၈၈ ဒသမ ၂၄၅ ဘီလျံ ၊ စီမံခန့်ခွဲရေးအသုံးစရိတ် ကျပ် ၂၀၂ ဒသမ ၁၈၁ ဘီလျံ၊ ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးပြုသောလုပ်ငန်းများဖြစ်သည့် (ဥပမာအားဖြင့် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေရရှိရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စသည့်ကဏ္ဍများ) အတွက် ကျပ် ၆၃၁ ဒသမ ၈၂၃.၃၅၄ သန်းဟူ၍ ခွဲဝေလျာထားကြောင်း တိုင်းဒေသကြီးဝန်ကြီးက လွှတ်တော်သို့ ပြောကြားခဲ့သည်။
အဆိုပါ တင်ပြပါအသုံးစရိတ်များသည် နိုင်ငံတော်၏မူဝါဒအရ ဆောင်ရွက်သည့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏မူဝါဒအရ ဆောင်ရွက်သည့် လုပ်ငန်းများ၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကတိကဝတ်များအရ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်ချက်အရဆောင်ရွက်သည့်လုပ်ငန်းများ၊ တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးလျာထားချက်စာရင်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဆွေးနွေးညှိနှိုင်းအတည်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြပါကြောင်း တိုင်းဒေသကြီးဝန်ကြီးက လွှတ်တော်သို့ ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်) ဇယားအချက်အလက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
