၈.၁၀.၂၀၂၆
Written By Thandar
မြန်မာ့ရိုးရာအနုပညာနဲ့ သဘင်အနုပညာကို ပိုမိုထင်ရှားစွာဖော်ထုတ်ပေးနိုင်ဖို့အတွက် မြန်မာ့သဘင် ကြီး ၄ ကြီးဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်တို့မှာ ပြင်ဦးလွင်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
“ဦးတို့အနေနဲ့က ကြီး ၄ ကြီးဆိုတဲ့အတိုင်းပေါ့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ နာမည်တွေကို ခေါင်းစဉ်လေးတည်ဖြစ်တာပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်သုံးနှုန်းတဲ့ စကားအတိုင်းဆိုရင် တီးရုံလောက်မျှ ဆိုရုံလောက်မျှ သဘောမျိုးမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်အနှစ်သာရ ဒီတစ်ခါ ဘာတွေ ထပ်သယ်ဆောင်နိုင်မလဲဆိုတဲ့ တာဝန်ယူချင်စိတ်နဲ့ ဒီပွဲကို စီစဉ်ပါတယ်။ လူကြီးတွေပဲဆိုတော့လည်း စိတ်ရှိတိုင်းလည်း အကုန် ကနိုင်ပြနိုင်တယ်ဆိုတာမျိုး မဟုတ်ဘူးလေ။ အဓိက,ကတော့ ကိုယ်လက်လှုပ်ရှားမှုမှာ။ အဲတော့ အမွေလည်း ပေးရင်း၊ နောက်ပြီးတော့ ကိုယ်လည်း အထောက်အကူရအောင်ပါ။ တူတော်မောင်တင်မောင်ဆန်းမင်းဝင်းက အစစအရာရာလုပ်ပေးမယ်၊ သူ ပါဝင်မယ်ဆိုတော့ ပီတိဖြစ်ရပါတယ်”လို့ ဇော်ကြီး(ခ)သိန်းဇော် (ဇာတ်မင်းသားလေး သိန်းဇော်)က ပြောပါတယ်။
အဆိုပါပွဲမှာ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် နေ့လည် ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Rose Garden Hotel မှာ ကျင်းပခဲ့ရာ Htoo Zoos & Gardens က ဦးဝေမျိုးအောင်၊ အကယ်ဒမီငြိမ်းမင်း၊ နန်းဝင်း၊ ချမ်းသာ၊ သိန်းဇော်၊ တင်မောင်ဆန်းမင်းဝင်းတို့ တက်ရောက်ခဲ့ကြ ပါတယ်။
မြန်မာ့သဘင်လောကမှ ဝါရင့်မင်းသားကြီး ၄ ဦး ဖြစ်ကြတဲ့ နန်းကြီး(ခ) နန်းဝင်း (နန်းသဘင်)၊ ချမ်းကြီး (ခ)ချမ်းသာ(ရွှေမန်းချမ်းသာ)၊ ဇော်ကြီး(ခ)သိန်းဇော် (ဇာတ်မင်းသားလေး သိန်းဇော်)၊ မိုးကြီး(ခ)မိုးဝင်း (စံပြသဘင်) ဂန္တဝင်ဇာတ်မင်းသားကြီး (၄)ဦးတို့ကို မဏ္ဍိုင်ပြုပြီး မျိုးဆက်သစ် ဇာတ်မင်းသား၊ မင်းသမီးငယ်တွေပါဝင် တင်ဆက်ကပြကြမှာဖြစ်ပါတယ်။
မြန်မာ့ဇာတ်သဘင်မင်းသားကြီး (၄)ဦးရဲ့ သဘင်သမိုင်းမှာ အထင်ကရအောင်မြင်ခဲ့တဲ့ ဂုဏ်ရည်မတူ (ပြဇာတ်)နဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်တော်(ကောက်နှုတ်ချက်)တွေ အပါအဝင်အခြား တင်ဆက်မှုတွေကို ပေါင်းပါဝင် ဖျော်ဖြကြမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ မြန်မာ့ရိုးရာသဘင်အနုပညာရဲ့ အနှစ်သာရတွေနဲ့ ထူးခြားတဲ့ ဖျော်ဖြေမှုတွေကို တစ်နေရာတည်းမှာ ခံစားနိုင်လည်းဖြစ်ပါတယ်။
“ကျွန်တော်တို့က မြန်မာ့သဘင်မင်းသားကြီး အစီအစဉ်သည် မြန်မာ့ရိုးရာအနုပညာနဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ဖို့ ပရိသတ်တွေအတွက် အမှတ်တရသမိုင်းထင်ကျန်ရစ်စေမယ့် အနုပညာ ဖျော်ဖြေပွဲတစ်ခုကို အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ပြင်ဦးလွင်က ပြည်ထောင်စုရင်ပြင်စင်မြင့်ထက်မှာ ခမ်းနားထည်ဝါစွာ ဖန်တီးဖို့ရည်ရွယ်ပြီးတော့ ကျင်းပတာပါ” လို့ ဦးဝေမျိုးအောင် Htoo Zoos & Gardens က ပြောပါတယ်။
ဒါ့ပြင် အထူးအစီအစဉ်အနေနဲ့ အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ်မှာ အမျိုး သားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) “သီတင်းကျွတ်မီးထွန်းပွဲတော်”မှာ မြတ်ဗုဒ္ဓဖူးမြင်ပဏ္ဏာပူဇော်ပွဲ (မြတ်စွာဘုရားကို ကြိုဆိုပူဇော်တဲ့ အော်ပရာဇာတ်အပြင် ဓမ္မပူဇာတေးသီချင်းတွေကို ပူဇနိယဂုဏ်မြောက်တဲ့ ကဗျာ လင်္ကာအပြော၊ အဆို၊ အတီး၊ အကတို့ ပေါင်းစပ်ပြီး မြန်မာသံစဉ် သဘင်၊ဂီတအနုပညာရှင်တွေက ပေါင်းစုပါ ဝင်ပူဇော်ဖျော်ဖြေပွဲသွားမယ်လို့ သိရပါတယ်။
#ဦးငြိမ်းမင်း #နန်းကြီး #နန်းဝင်း #ချမ်းကြီး #ချမ်းသာ #ဇော်ကြီး #သိန်းဇော် #တင်မောင်ဆန်းမင်းဝင်း #NyeinMin #NanWin #ChanThar #TheinZaw #TinMaungSanMinWin #ကြီး၄ကြီး
