၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဘရာဇီးသမ္မတရွေးကောက်ပွဲကို အောက်တိုဘာလ ၄ ရက်က ကျင်းပခဲ့ရာတွင် ရွေးကောက်ပွဲ ပထမအကျော့၌ အထက်လွှတ်တော်အမတ် လက်ယာစွန်းဝါဒီ ဖလာဗီယို ဘောလ်ဆိုနာရိုက မဲအများဆုံး ရရှိခဲ့ပြီးနောက် ရီအိုဒီဂျနေးရိုး မြို့တွင် လက်ယာစွန်းဝါဒီများကို ဆန့်ကျင်သည့် ကျောင်းသားဦးဆောင်သော ဆန္ဒပြပွဲများ အောက်တိုဘာလ ၇ ရက်က ပြုလုပ်ခဲ့ရာ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်ကကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် လက်ယာစွန်း ဝါဒီ သမ္မတလောင်း ဖလာဗီယို ဘောလ်ဆိုနာရိုက ထောက်ခံမဲ ၄၇ ရာခိုင်နှုန်းကျော်ဖြင့် ဦးဆောင်ခဲ့ပြီးနောက် ၎င်းသမ္မတဖြစ်လာနိုင်ခြေကို ဆန့်ကျင်သည့်အနေဖြင့် ရီအိုဒီဂျနေးရိုးမြို့တွင် ကျောင်းသားများ၏ ချီတက်ဆန္ဒပြပွဲ၌ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိသမ္မတ လူလာ ဒါ ဆီလ်ဗါက သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် ထောက်ခံမဲ ၄၅ ရာခိုင် နှုန်းကျော် ရခဲ့သော်လည်း နှစ်ဦးစလုံးမှာ သမ္မတအဖြစ်တင်မြှောက်ခံရရန် လိုအပ်သောမဲအရေအတွက် ၅၀ ရာခိုင်နှုန်းကိုမပြည့်မီခဲ့ကြ၍ အောက်တိုဘာလ ၂၅ ရက်တွင်ရွေးကောက်ပွဲ ဒုတိယအကျော့ ထပ်မံ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
အကျဉ်းကျခံနေရသော သမ္မတဟောင်း ဂျား ဘောလ်ဆိုနာရို၏သားဖြစ်သူ ဖလာဗီယို ဘောလ်ဆိုနာရိုက လက်ရှိသမ္မတ လက်ဝဲဝါဒီ လူလာ ဒါ ဆီလ်ဗာထက် မဲအရေအတွက် နှစ်သန်းခန့် ပိုမိုရရှိခဲ့ရာ ဒုတိယ အကျော့တွင် ၎င်းက အနိုင်ရရန် ရေပန်းစားနေသည်။
ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင် “ဖလာဗီယိုကို လက်မခံ၊ ပညာရေးကို ထောက်ခံ”၊ “ဘောလ်ဆိုနာရိုကို နောက်ထပ် လုံးဝမလိုချင်တော့”၊ “ဘရာဇီးဟာ အမေရိကန်ရဲ့ နောက်ဖေးခြံ မဟုတ်ဘူး” စသည့် ကြွေးကြော်သံများ ရေးသားထားသည်ကိုတွေ့ကြရသည်။
“ဘောလ်ဆိုနာရိုသာ အနိုင်ရရင် ဘရာဇီးနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကိုလိုနီနယ်မြေတစ်ခု ဖြစ်လာလိမ့်မယ်” ဟု စာပေဘာသာရပ် ကျောင်းသား အသက် ၂၀ အရွယ် ဂျိုး ဗစ်တာဗိုင်ရာ ၏က ပြောကြားခဲ့သည်။ ၎င်းက ဘောလ်ဆိုနာရို၏ အတွေးအခေါ်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ်ပ့်နှင့် အလွန်အမင်း ဆင်တူယိုးမှားဖြစ်နေသည်ဟု ယူဆကာ စိုးရိမ်ပူပန်နေကြသော ဘရာဇီးနိုင်ငံရှိ လက်ဝဲဝါဒီ အများစု၏ သဘောထားကို ကိုယ်စားပြုပြောဆိုခဲ့သည်။
“ကျွန်မတို့က လူဘာအတွက် မဟုတ်ဘဲ ဘရာဇီးနိုင်ငံအတွက် တိုက်ပွဲဝင်နေတာပါ” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ် ကျောင်းသူ အသက် ၁၉ နှစ် အရွယ် တာလီတာ အမာရယ်လ်က ပြောကြားခဲ့သည်။
အောက်တိုဘာလ ၂ ရက်က ထိုလမ်းမပေါ်တွင်ပင် ပြုလုပ်ခဲ့သော သမ္မတ လူလာ၏ ရွေးကောက်ပွဲ မတိုင်မီ လူထုစုဝေးပွဲနှင့် နှိုင်းယှဉ်ပါက ယခုချီတက်ပွဲတွင် လူအများအပြား ပါဝင်ပြီး ပိုမိုတက်ကြွ လှုပ်ရှားမှုရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ပထမအကျော့တွင် စုစုပေါင်း မဲအရေအတွက် ရှစ်သန်းကျော် ရရှိခဲ့ကြသည့် လက်ယာယိမ်း ကိုယ်စားလှယ်လောင်းများက တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာများကို ရယူသွားခဲ့ပြီးနောက်၊ သမ္မတ လူလာနှင့် လက်ဝဲယိမ်းအုပ်စုတို့အနေဖြင့် အဆုံးအဖြတ်ပေးမည့် ဒုတိယအကျော့ မဲပေးပွဲတွင် အလွန်ခက်ခဲသော စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရဖွယ်ရှိနေသည်။
Ref: AP, AFP
