သတိုး
၈. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံတော်ဝန်ကြီးချုပ်ရုံးတော်၌ တရားဝင်ဂုဏ်ပြုပွဲဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သလို အပြန်အလှန်လေးစားမှုအပြည့်ဖြင့် နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်က ယခု ဖွင့်ဟပြောကြားသည်။
မလေးရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား ကြိုဆိုခြင်းဖြင့် ယနေ့နံနက်ခင်းကို စတင်ခဲ့ပြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မလေးရှားနိုင်ငံ၏ ဂုဏ်သိက္ခာမြင့်ကာ သက်တမ်းအရှည်ကြာဆုံးဖြစ်သော တော်ဝင်ရိန်းဂျား တပ်ရင်း (၁) က အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းအပါအဝင် နိုင်ငံတော်အဆင့် တရားဝင်ဂုဏ်ပြုကြိုဆိုပွဲဖြင့် ကြိုဆိုခဲ့ကြသည်ဟု အန်ဝါက ပြောသည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်နှင့် အန်ဝါသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံမှု၏ နောက်ဆက်တွဲအဖြစ် ပြန်အလှန် လေးစားမှုရှိသော အဝန်းအဝိုင်းအတွင်း နှစ်ဦးတည်း သီးသန့်တွေ့ဆုံခဲ့သည်။ အန်ဝါ၏ ဝန်ကြီးချုပ် ရုံးခန်းတွင် ပြုလုပ်သော တွေ့ဆုံမှု၌ နှစ်နိုင်ငံအကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
နာရီဝက်ကြာ တွေ့ဆုံမှုအတွင်း မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များပြဿနာကို ဖြေရှင်းရေး၊ အထူးသဖြင့် မည်သည့်လူမျိုးစုဖြစ်စေ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အဆိုပါ ဒုက္ခသည်ပြဿနာကို ပိုမိုပြတ်သားစွာ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းက အရေးကြီးသည်ဟု ယုံကြည်ထားသလို ဆွေးနွေးပွဲဆိုင်ရာ လမ်းကြောင်းများကို ကန့်သတ်ထားသည့် ယခင်ချဉ်းကပ်မှုများက မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့သည့်အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဤပြဿနာမှာ ပိုမိုဆိုးရွားလာပြီး မလေးရှားပြည်သူများအကြား စိုးရိမ်ပူပန်မှုများကိုပါ တိုးပွားစေခဲ့သည်ဟုလည်း အန်ဝါက ပြောသည်။
ထို့ကြောင့် အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုအပေါ် အခြေခံထားသည့် ဆွေးနွေးပွဲ အခွင့်အလမ်းကို လက်တွေ့ကျသော ဖြေရှင်းချက်များ ဖော်ဆောင်နိုင်ရန် အပြည့်အဝ အသုံးချသွားရမည် ဖြစ်သည်ဟုလည်း အန်ဝါက ရှင်းပြထားသည်။
