သက်တံ့
၅. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်လမုန်း (Banglamung) မြို့နယ်၊ ဟွေ့ယိုင် (Huai Yai) ရှိ သစ်ပင်များ အုပ်မိုးနေသည့် ကျေးလက်လမ်းတစ်ခုအနီးတွင် အောက်တိုဘာလ ၃ ရက်က ပြင်းထန်သော မိုးသက်မုန်တိုင်း ကျရောက်စဉ်အတွင်း သတိလစ်မေ့မြောနေသည့် အသက် ၁၇ နှစ်အရွယ် မြန်မာစိုက်ပျိုးရေး လုပ်သားတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘီရာဆားကစ်လမ်း (Bira Circuit) နှင့် ဟွေ့ယိုင်အကြား ကျေးလက်လမ်း ၂၀၈၁ ပေါ်ရှိ စွမ်းယိုင်ဆုခ် (Suan Yai Suk) စိုက်ပျိုးရေးခြံအတွင်း လူတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဟွေ့ယိုင်ရဲစခန်းသို့ သတင်းပေးပို့ချက်အရ သိခဲ့ရခြင်းဖြစ်သည်။
သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့နှင့် စဝမ်ဘိုရီဘွန် (Sawang Boriboon) ကယ်ဆယ်ရေးအဖွဲ့တို့ အခင်းဖြစ်ပွားရာ စိုက်ပျိုးရေးခြံရှိ အလုပ်သမားရိပ်သာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ မြန်မာလူငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လူငယ်သည် လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်အနက်ရောင်တို့ကို ဝတ်ဆင်ထားပြီး ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ဆိုးရွားစွာ စုတ်ပြဲနေကာ ခန္ဓာကိုယ်တွင်လည်း ပြင်းထန်သော မီးလောင်ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။
ခြံပိုင်ရှင်ဖြစ်သူ အက်ခ် (Ek) က ရဲတပ်ဖွဲ့အား ထွက်ဆိုရာတွင် အလုပ်သမားရိပ်သာနှင့် ၃ ကီလိုမီတာခန့် ကွာဝေးသည့် သစ်ပင်များ အုပ်မိုးနေသည့် လမ်းပိုင်းသို့ အလုပ်သမားများကို ကားဖြင့် ပြန်လည်ခေါ်ဆောင်လာစဉ် လမ်းဘေး၌ အဆိုပါလူငယ် မေ့မြောနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။ ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးကြိုးနှင့် လျှပ်စီးများ ခဏခဏ လက်နေခဲ့သည်။ ခြံပိုင်ရှင်က လူငယ်ကို အလုပ်သမားရိပ်သာသို့ ပြန်လည်သယ်ဆောင်လာပြီး ကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြား အကူအညီတောင်းခံခဲ့သော်လည်း နောက်ပိုင်းတွင် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ ဦးလေးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမင်းစုက အဆိုပါလူငယ်မှာ ၎င်းထံသို့ ရောက်ရှိနေထိုင်သည်မှာ ၃ ရက်မျှသာ ရှိသေးကြောင်း ပြောသည်။ အခင်းမဖြစ်ပွားမီ လူငယ်သည် မည်သည့်နေရာသို့ သွားမည်ဟု မပြောဘဲ အပြင်သို့ ထွက်သွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ခြံပိုင်ရှင်က လမ်းဘေး၌ မေ့မြောလျက် တွေ့ရှိခဲ့သည်ဟု မိသားစုက သိရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါလူငယ်သည် သစ်ပင်အုပ်လမ်းအနီး၌ မိုးကြိုးပစ်ခံခဲ့ရပြီးမှ လမ်းဘေးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ထိုမှတစ်ဆင့် အလုပ်သမားရိပ်သာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်မှာ မှန်ကန်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပဏာမ ယူဆထားသည်။ သို့သော် သေဆုံးရသည့် အကြောင်းအရင်း အမှန်ကို ဝပ်ယန်းနသံဝရာရမ် (Wat Yannasangwararam) ဆေးရုံတွင် ရုပ်အလောင်းကို စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကာ ရဲတပ်ဖွဲ့က သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။
Ref: Pattaya Mail
