သက်တံ့
၅. ၁၀. ၂၀၂၆
အသက်မပြည့်သေးသူနှစ်ဦးအပါအဝင် ဘင်္ဂါလီအမျိုးသမီးလေးဦးကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ အိန္ဒိယသို့ ခေါ်ဆောင်လာကာ အိန္ဒိယအမျိုးသားများနှင့် လက်ထက်ပေးရန် စီစဉ်သည့် ဘင်္ဂါလီအမျိုးသားနှစ်ဦးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်လိုက်ခြင်းဖြင့် မဒြာ ပရာဒေ့ရှ် (Madhya Pradesh) ပြည်နယ် မီးရထားရဲတပ်ဖွဲ့ (GRP) အနေဖြင့် နိုင်ငံတကာ လူကုန်ကူးမှု ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ ကွန်ရက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာဒုက္ခသည် အဓိကပါဝင်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အိန္ဒိယနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာပြီး ဂျမ်မူနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ဒေသရှိ အမျိုးသားများနှင့် ထိမ်းမြားလက်ထပ်ပေးရန် အစီအစဉ်တကျ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။
အကူအညီပေး ကယ်တင်နိုင်ခဲ့သည့် အမျိုးသမီး ၄ ဦးနှင့် ဖမ်းဆီးရမိသည့် အမျိုးသား ၂ ဦး အပါအဝင် ဖြစ်စဉ်တွင် ပါဝင်သူ မြန်မာနိုင်ငံတွင် နေထိုင်ဖူးသော ဘင်္ဂါလီ ၆ ဦးစလုံး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပေးထားသော ကတ်ပြားများ ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
မီးရထားရဲတပ်ဖွဲ့ အထူးညွှန်ကြားရေးမှူးချုပ် (Special DG) ရာဂျာ ဘာဘူ ဆင်းဂ် (Raja Babu Singh) ၏ ပြောကြားချက်အရ ၁၂၆၄၃ စဝါန်း ဂျယန်တီ အမြန်ရထား (12643 Swarn Jayanti Express) ၏ ရိုးရိုးတွဲပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂါလီအမျိုးသားတစ်ဦးသည် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများမှ အမျိုးသမီးများကို အိန္ဒိယသို့ ခေါ်ဆောင်လာရာတွင် ပါဝင်ပတ်သက်နေကြောင်း ဘိုပါးလ်မြို့ရှိ GRP ထိန်းချုပ်ရေးခန်းသို့ တိကျသည့် သတင်းအချက်အလက် ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ သတင်းအချက်အလက်အရ ရဲအုပ် ဒီးပရှီခါ ဆင်းဂ် တိုမာရ် (Deepshikha Singh Tomar) ဦးဆောင်သော ဂွာလီယာ (Gwalior) မီးရထားရဲတပ်ဖွဲ့သည် သံသယရှိသူကို စိစစ်ဖော်ထုတ်ကာ စစ်ဆေးမေးမြန်းရန် ရထားပေါ်မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။
ထိုအမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် မူဘင်း (Mubin) ဆိုသူ ဘင်္ဂါလီတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်ကတည်းက ဇနီး၊ သားသမီးများနှင့်အတူ ဟိုက်ဒရာဘတ် (Hyderabad) မြို့တွင် နေထိုင်နေသူဖြစ်သည်။
စစ်ဆေးမေးမြန်းစဉ် မူဘင်းက အသက် ၃၅ နှစ်အရွယ် မိုဟာမက် ဟာဆန်း (Mohd Hasan) ဆိုသူ အခြားဘင်္ဂါလီတစ်ဦး ပါဝင်ပတ်သက်နေကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါ အမျိုးသားနှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကို အိန္ဒိယသို့ လာရောက်နိုင်ရန် ကူညီပေးပြီး ဂျမ်မူနှင့် ကက်ရှ်မီးယားရှိ အမျိုးသားများနှင့် အဓိက အိမ်ထောင်ချပေးရန် စီစဉ်ပေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိထားသည်။
မူဘင်း ထွက်ဆိုသော သတင်းအချက်အလက်များအရ ဟာဆန်းနှင့် ဘင်္ဂါလီအမျိုးသမီး ၄ ဦးတို့သည် အလီဂါး (Aligarh) ရှိ အငှားအိမ်တစ်အိမ်တွင် ယာယီနေထိုင်ကြောင်း GRP က သိရှိခဲ့ရသည်။ ထို့နောက် ရဲတပ်ဖွဲ့က အဆိုပါနေရာကို ဝင်ရောက်စီးနင်းကာ ဟာဆန်းကို ဖမ်းဆီးခဲ့ပြီး အရွယ်မရောက်သေးသောမိန်းကလေးငယ် ၂ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို ကယ်တင်နိုင်ခဲ့သည်။
ကယ်တင်နိုင်ခဲ့သည့် အမျိုးသမီးများအနက် ၂ ဦးမှာ စာရာ (Sara) နှင့် ရှုကူတာရာ (Shukutara) တို့ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ အမျိုးသမီး ၄ ဦးစလုံးသည် UNHCR ကတ်ပြားများ ကိုင်ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မူဘင်းနှင့် ဟာဆန်းတို့သည်လည်း အဆိုပါကတ်ပြားများကို ကိုင်ဆောင်ထားပြီး ဟိုက်ဒရာဘတ်တွင် မြန်မာဒုက္ခသည်များအဖြစ် နေထိုင်နေကြသူများ ဖြစ်သည်။
ကယ်တင်ခံရသည့် အမျိုးသမီးများသည် ဟိန္ဒီ သို့မဟုတ် အင်္ဂလိပ်ဘာသာစကားကို နားမလည်ကြသဖြင့် စုံစမ်းစစ်ဆေးသူများအနေဖြင့် ပဏာမ စစ်ဆေးမေးမြန်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ GRP သည် ရှေးဦးစွာ Google Translate ကို အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့နှင့် ဆက်သွယ်စကားပြောဆိုရန်နှင့် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ရန် ဘာသာစကားနှစ်မျိုးပြော ပြန်ဆိုသူတစ်ဦး၏ အကူအညီကို ရယူခဲ့ရသည်။
ပဏာမ စစ်ဆေးမေးမြန်းစဉ်အတွင်း အမျိုးသမီး ၄ ဦးက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ၎င်းတို့၏ မိဘများ၏ သဘောတူညီချက်ဖြင့် အိန္ဒိယသို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်။
အမျိုးသမီးများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ မဝင်ရောက်မီ မြစ်ကြောင်းများနှင့် တောင်တန်းထူထပ်သော ခက်ခဲသည့် လမ်းကြောင်းများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ခဲ့ကြရခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အား ထိမ်းမြားလက်ထပ်ပေးမည့် ဂျမ်မူနှင့် ကက်ရှ်မီးယားသို့ ဆက်လက်ခေါ်ဆောင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် မူဘင်းနှင့် ဟာဆန်းတို့၏ အတိတ်က အလားတူ လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်မှုကိုပါ စစ်ဆေးလျက်ရှိသည်။ စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့သည် ယခင်ကလည်း ဘင်္ဂလားဒေ့ရှ်မှ အခြားမိန်းကလေးများနှင့် အမျိုးသမီးများကို အိန္ဒိယသို့ ခေါ်ဆောင်ခဲ့ဖူးကြောင်း၊ ထိုအထဲတွင် မြန်မာဒုက္ခသည်များလည်း ပါဝင်နိုင်ကြောင်းနှင့် ဂျမ်မူနှင့် ကက်ရှ်မီးယားတွင် အိမ်ထောင်ချပေးရန် စီစဉ်ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
GRP သည် ကယ်တင်ခံရသည့် အမျိုးသမီးများနှင့် မိခင်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်မည့် ဘာသာပြန်သူတစ်ဦး စီစဉ်ပေးနိုင်ရန် ပြည်နယ်နိုင်ငံခြားသားများ မှတ်ပုံတင်ရေးရုံး (FRO) သို့ အကူအညီတောင်းခံထားသည်။ အရည်အသွေးမီ ဘာသာပြန်သူတစ်ဦးနှင့် အသေးစိတ် စစ်ဆေးမေးမြန်းနိုင်ပါက အဆိုပါ ကွန်ရက်နှင့် ပတ်သက်၍ နောက်ထပ် သတင်းအချက်အလက်များ ရရှိနိုင်မည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြသည်။
ဖြစ်စဉ်၏ နိုင်ငံတကာနှင့် နယ်စပ်ဖြတ်ကျော် ဆက်စပ်မှုများကြောင့် ယခုအချိန်အထိ ရရှိထားသော သတင်းအချက်အလက်များကို ဗဟိုထောက်လှမ်းရေး အေဂျင်စီများနှင့် အမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) သို့လည်း မျှဝေထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စုံစမ်းစစ်ဆေးသူများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့သူများ၊ အိန္ဒိယအတွင်း ခရီးသွားလာရေး စီစဉ်ပေးခဲ့သူများနှင့် ဂျမ်မူနှင့် ကက်ရှ်မီးယားသို့ ဆက်လက်ထွက်ခွာနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သူများ အပါအဝင် ကွန်ရက်တွင် ပါဝင်ပတ်သက်နေသည့် အခြားသူများကိုပါ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့အပြင် အဆိုပါ အမျိုးသမီးများကို လူကုန်ကူးခြင်း ဟုတ်/မဟုတ်၊ သို့မဟုတ် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်ခဲ့ခြင်း ဟုတ်/မဟုတ်နှင့် မင်္ဂလာဆောင်များ စီစဉ်ပေးရာတွင် ပါဝင်ပတ်သက်သူများ၏ တိကျသော အခန်းကဏ္ဍတို့ကိုပါ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
“ကျွန်တော်တို့ အဖွဲ့တွေက သံသယရှိသူတွေကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး ချက်ချင်း အရေးယူဆောင်ရွက်ခဲ့တာကြောင့် အမျိုးသမီးငယ် ၄ ဦးစလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။ GRP အနေနဲ့ ကယ်တင်ထားတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အပြည့်အဝ အလေးထား ဆောင်ရွက်နေပါတယ်။ ခိုးဝင်သူတွေ၊ အမျိုးသားရေးဆန့်ကျင်သူတွေနဲ့ အခြား ရာဇဝတ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ဆက်လက် အရေးယူသွားမှာပါ” ဟု မီးရထားရဲ အထူးညွှန်ကြားရေးမှူးချုပ် ရာဂျာ ဘာဘူ ဆင်းဂ် က ပြောကြားခဲ့သည်။
Ref: The New Indian Press & Bhaskar
