သက်တံ့
၅. ၁၀. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံခြားသား ခရီးသည်နှစ်ဦး၏ ခရီးဆောင်အိတ်များအတွင်း ဝှက်ယူလာသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း (ထိုင်းဘတ်ငွေ သန်း ၅၀ ကျော်) ကို အကောက်ခွန် အရာရှိများက တွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့တွင် အဆိုပါ ခရီးသည်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် ဧကနိတီ နိတိထန်ပရာပတ်စ် (Ekniti Nitithanprapas) က နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုကို တားဆီးသည့် အစီအမံများ၏ အစိတ်အပိုင်းအဖြစ် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် သို့မဟုတ် ထွက်ခွာသွားသည့် နိုင်ငံခြားငွေနှင့် ထိုင်းဘတ်ငွေများအား စစ်ဆေးမှုကို ပိုမိုတင်းကြပ်ရန် အကောက်ခွန် ဦးစီးဌာနသို့ ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားချက်အရ သုဝဏ္ဏဘူမိလေဆိပ်ရှိ အကောက်ခွန် အရာရှိများက ခရီးသည်များအား စိစစ်စစ်ဆေးမှုကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ခဲ့သည်။ သံသယရှိသူ နှစ်ဦးသည် စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက ဂျကာတာမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အရာရှိများက ၎င်းတို့၏ ခရီးဆောင်အိတ်အတွင်း ဝှက်ယူလာသည့် အဆိုပါ ငွေသားများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ခရီးသည်များ၏ အမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို အကောက်ခွန် ဦးစီးဌာနကလည်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ သုဝဏ္ဏဘူမိလေဆိပ်တွင် တရားဝင် ကြေညာခြင်းမရှိဘဲ သယ်ဆောင်လာသည့် အဆိုပါ ငွေသားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။
ထိုင်းဥပဒေအရ ခရီးသွားများသည် ထိုင်းနိုင်ငံအတွင်းသို့ ငွေကြေး ပမာဏကန့်သတ်ချက်မရှိ သယ်ဆောင်ခွင့်ရှိသော်လည်း ဘတ်ငွေ ၄၅၀,၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ထက် ကျော်လွန်ပါက သက်ဆိုင်ရာ အရာရှိများထံ ကြေညာရမည်ဖြစ်သည်။ ယင်းစည်းမျဉ်းသည် ထိုင်းဘတ်ငွေ၊ နိုင်ငံခြားငွေနှင့် လွှဲပြောင်းနိုင်သော ငွေကြေးစာချုပ်စာတမ်းများ (Negotiable instruments) အားလုံးနှင့် သက်ဆိုင်သည်။
အကောက်ခွန် ဦးစီးဌာနက ခရီးသွားများအနေဖြင့် ငွေကြေးသယ်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကြရန် တိုက်တွန်းထားသည်။ အသေးစိတ် သတင်းအချက်အလက်များကို သိရှိလိုပါက အကောက်ခွန် အရာရှိများထံ သို့မဟုတ် ဌာန၏ ဟော့လိုင်းနံပါတ် 1164 သို့ ဆက်သွယ် စုံစမ်းနိုင်သည်ဟုလည်း အသိပေးသည်။
အလားတူ ဖြစ်စဉ်တစ်ခုကို စက်တင်ဘာလအတွင်းက ဆုန်းခလာ (Songkhla) ရှိ နယ်စပ်ဂိတ်တစ်ခုတွင်လည်း အစီရင်ခံခဲ့သည်။ လိုအပ်သည့် သတင်းပို့ကြေညာခြင်း မရှိဘဲ ထိုင်းဘတ်ငွေ ၇ ဒသမ ၁ သန်းခန့် တန်ဖိုးရှိ မလေးရှားရင်းဂစ် ၈၇၀,၀၀၀ ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် အမျိုးသားတစ်ဦးကို အရာရှိများက ထိန်းသိမ်းခဲ့သည်။
အရာရှိများသည် အဆိုပါ ငွေကြေးများ၏ ရင်းမြစ်နှင့် ထိုင်းနိုင်ငံအတွင်း အသုံးပြုမည့် ရည်ရွယ်ချက်တို့ကို စုံစမ်းစစ်ဆေးရန် စီစဉ်ခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အခြား အသေးစိတ် သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အဆိုပါ အမျိုးသား၏ အမည်နှင့် နိုင်ငံသားဖြစ်မှုကိုလည်း သတင်းတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
Ref: Thaiger
