ဓာတ်ပုံ - မီးသတ်ဦးစီးဌာန၊ သန္တိသုခလူမှုကူညီရေးအသင်း
သက်တံ့
၅. ၁၀. ၂၀၂၆
ရေကန်အတွင်း ရေဆင်းချိုးသည့်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ပြင်ဦးလွင်မြို့တွင် ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၃၄ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၅)၊ ဖောင်းတောကျေးရွာရှိ ရေကန်တွင် လူတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၅၈ မိနစ်တွင် အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၇ နှစ်အရွယ် ကလေးငယ် (ကျား) ဖြစ်ပြီး ညနေ ၃ နာရီခွဲအချိန်ကတည်းက ရေဆင်းချိုးရာမှာ ရေနစ်ပျောက်ဆုံးသွားခဲ့သဖြင့် ပရဟိတအသင်းများနှင့် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကာ ပြန်လည်တွေ့ရှိသော ရုပ်အလောင်းကို သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ တာဝန်ရှိသူများက ဓမ္မတာအတိုင်းသေဆုံးခြင်း မှန် မမှန် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
