၅.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွင် တပ်စွဲထားသော အမေရိကန်စစ်စခန်းမှ မရိန်းတပ်သားတစ်ဦးကို ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှုအတွက် သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးသည် နာဟာမြို့ရှိ ဟိုတယ်တစ်ခု၌ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး သူမ၏ပိုက်ဆံအိတ်ကို ခိုးယူခဲ့သည်ဟု သံသယရှိသည်။
ဒေသခံရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “သံသယရှိသူက နာဟာမြို့မှ ဟိုတယ်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကို အောက်တိုဘာ ၃ ရက်မှာ သတ်ဖြတ်ပြီး ပိုက်ဆံအိတ်ကို ခိုးယူခဲ့တာပါပဲ” ဟု AFP သို့ ပြောကြားခဲ့သည်။
အမေရိကန်သံအမတ်ကြီး ဂျော့ခ်ျဂလက်စ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိုကီနာဝါအုပ်ချုပ်ရေးမှူးတို့နှင့် ဆွေးနွေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ် စိတ်ရင်းစေတနာဖြင့် ဝမ်းနည်းကြောင်းနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကေချီက ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုကို “အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းတယ်” ဟု ခေါ်ဆိုခဲ့သည်။
ဂျပန်အစိုးရက အမေရိကန်ကို စုံစမ်းစစ်ဆေးမှုတွင် အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးရန်၊ အမေရိကန် စစ်ဘက်ဝန်ထမ်းများကြား ပိုမိုတင်းကျပ်သည့်စည်းကမ်းကို ပြဋ္ဌာန်းပေးရန်နှင့် အလားတူရာဇဝတ်မှုများ ထပ်မံဖြစ်ပွားခြင်းကို ကာကွယ်ရန် သေချာသည့်အစီအမံများ ပြုလုပ်ရန်တို့အတွက် တိုက်တွန်းခဲ့ကြောင်း တာကေချီက ပြောခဲ့သည်။
စုံစမ်းစစ်ဆေးရေးရင်းမြစ်များကို ကိုးကားပြီး အများပြည်သူပိုင်ရုပ်သံလိုင်း NHK နှင့် အခြား ဂျပန်မီဒီယာများက ဖော်ပြခဲ့ရာတွင် အခင်းဖြစ်ပွားရာနေရာအနီးရှိ CCTV ဗီဒီယိုများ၌ နိုင်ငံခြားသားအမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးနှင့်အတူ အခန်းတစ်ခန်းထဲကို ဝင်ရောက်သွားပြီး နောက်ပိုင်းတွင် ထိုအမျိုးသားက အမျိုးသမီးဖြစ်သူ၏ပစ္စည်းများနှင့်အတူ ပြန်ထွက်သွားသည်ကို ပြသခဲ့ကြသည်။
ထို့နောက် ရဲတပ်ဖွဲ့က ဗီဒီယိုထဲတွင် မြင်တွေ့ရသည့် သံသယရှိသူ၏ ဖော်ပြချက်များနှင့် ကိုက်ညီသည့် အသက် ၂၀ နှစ်အရွယ် အမျိုးသားကို တွေ့ရှိခဲ့ပြီး ၎င်းကို ဒေသခံရဲစခန်းကို ခေါ်ဆောင်ကာ ဖမ်းဆီးခဲ့သည်ဟု NHK က ဖော်ပြခဲ့သည်။။
သံသယရှိခံရသူကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြောင်းသတင်းများက ဆိုသည်။
ဂျပန်နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုမှ စစ်ဘက်ဝန်ထမ်း ၅၄,၀၀၀ ခန့်ရှိပြီး အများစုက အိုကီနာဝါကျွန်းတွင် တပ်စွဲထားကြသည်။
အမေရိကန်တပ်ဖွဲ့ဝင်များ၏ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ကားနှင့်တိုက်မိပြီးထွက်ပြေးမှုနှင့် အရက်မူးပြီးယာဉ်မောင်းနှင်မှု အပါအဝင် ရာဇဝတ်မှုများစွာကိုကျူးလွန်မှုများက အိုကီနာဝါ၌ ဆန္ဒပြမှုများကို ကြာရှည်စွာ ဖြစ်ပေါ်စေခဲ့ပြီး လုံခြုံရေးမဟာမိတ်များဖြစ်ကြသော ဂျပန်နှင့်အမေရိကန်ကြား ဆက်ဆံရေးကို မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ရသည်။
၂၀၂၅ ခုနှစ်အတွင်းက အသက် ၂၀ ကျော် ဂျပန်အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ပြီး မုဒိမ်းကျင့်ရန်ကြိုးစားမှုဖြင့် စွပ်စွဲခံထားရသည့် အမေရိကန်မရိန်းတပ်သားတစ်ဦးကို ဂျပန်တရားရုံးတစ်ခုက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် အမေရိကန်မရိန်းတပ်သားဟောင်းနှင့် စစ်စခန်းအရပ်ဘက်ဝန်ထမ်းတစ်ဦးသည် အိုကီနာဝါရှိ ဒေသခံအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်။
ထိုနှစ်တွင်ပင် အမေရိကန်မရိန်းတပ်သားတစ်ဦးက ၎င်း၏ကားကို အရက်သောက်မူးယစ်မောင်းနှင်ရာ မီနီထရပ်ကားတစ်စီးကို ဝင်တိုက်မိပြီး အသက် ၆၁ နှစ်အရွယ် ဒေသခံယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီးနောက် ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံးကို အရက်သောက်ခြင်းမှ တားမြစ်ခဲ့သည်။
Ref- AFP
