သက်တံ့
၅. ၁၀. ၂၀၂၆
အမြန်လမ်းတွင် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်အပြင် အုပ်စုဖွဲ့ အရှိန်မြှင့်မောင်းနှင်သည့် ရွှေပြည်ဟိန်းနှင့် မိုးသောက်ရောင်နီ ယာဥ်လိုင်းတို့မှ ယာဥ်သုံးစီးကို အရေးယူခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ယခု ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်အချိန် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၀ မှ ၁၅၈/၀ အကြား၊ ရန်ကုန်မှမန္တလေးသို့ အသွားလမ်းတွင် ယာဉ်မောင်း နေမျိုးလင်း မောင်းနှင်သည့် 5P/1802 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express ၊ ယာဉ်မောင်း သိန်းမြင့် မောင်းနှင်သည့် 9N/7285 YUTONG အမျိုးအစား မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် Express နှင့် ယာဉ်မောင်း အောင်ဇော်လင်း မောင်းနှင်သည့် 2K/2041 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express ယာဉ်တို့သည် အုပ်စုလိုက် သတ်မှတ် တစ်နာရီ မိုင် ၉၀ ထက်များစွာကျော်လွန်၍ အရှိန်ပြင်းစွာမောင်းနှင်နေသည်ကို တွေ့ရှိရသဖြင့် အမြန်လမ်းမကြီးဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမြန်လမ်းအသုံးပြုသောယာဥ်မောင်းများအနေဖြင့် အရေးကြီးကိစ္စရှိပါက အချိန်စော၍ ခရီးသွားရန်၊ အမြန်ရောက်လိုဇောဖြင့် အရှိန်တင်မမောင်းရန် အထူးလိုအပ်ပြီး ခရီးသည်တင်ယာဥ်မောင်းသူများ အနေဖြင့် မိမိကြောင့် ခရီးသည်များ၏အသက်အန္တရာယ်မဖြစ်ပေါ်စေရေး အလေးထားရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

