သက်တံ့
၂၆. ၉. ၂၀၂၆
X (ယခင် Twitter) အကောင့်များ၏ အပြာရောင်အမှန်ခြစ် (Blue tick) အမှတ်တံဆိပ်များနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ (EU) က ယူရို သန်း ၁၂၀ (ပေါင် ၁၀၅ သန်း) ဒဏ်ကြေးတပ်ရိုက်ထားမှုကို ပယ်ဖျက်ရန် အီလွန်မတ်စ်ခ် (Elon Musk) ၏ ဥပဒေကြောင်းအရ စိန်ခေါ်မှုကို အမေရိကန်အစိုးရက ပူးပေါင်းပါဝင်ရန် ကြိုးပမ်းနေသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပကော်မရှင် (European Commission) က X ပလပ်ဖောင်းသည် အကောင့်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို “သေချာစွာ စိစစ်အတည်ပြုခြင်းမရှိဘဲ” ငွေပေးရုံဖြင့် အပြာရောင်အမှန်ခြစ် ရယူခွင့်ပြုထားခြင်းကြောင့် “သုံးစွဲသူများကို လှည့်ဖြားရာရောက်သည်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန် ဒုတိယရှေ့နေချုပ် (Assistant Attorney General) ဘရက်တ် အေ ရှူးမိတ် (Brett A. Shumate) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ကော်မရှင်သည် ၎င်းတို့၏ ထိန်းချုပ်မှုအပြင်ဘက်ရှိ အမေရိကန်ကုမ္ပဏီများအပေါ် လုပ်ပိုင်ခွင့်အာဏာ ချဲ့ထွင်ရန် “မလျော်ကန်သော ကြိုးပမ်းမှု” ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် အခြားရီပတ်ဘလစ်ကန်များ ရွေးကောက်ပွဲနိုင်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုကူညီခဲ့သူ X ပိုင်ရှင် ဘီလျံနာ အီလွန် မတ်စ်ခ်က EU ၏ နည်းပညာဆိုင်ရာ စည်းမျဉ်းများသည် ကုမ္ပဏီများ၏ “တိုးတက်မှုကို ဟန့်တားနေသည်” ဟု ယခင်ကတည်းက စွပ်စွဲပြောဆိုခဲ့ဖူးသည်။
အမေရိကန် တရားရေးဌာန (DOJ) သည် မတ်စ်ခ်နှင့် X တို့၏ အမှုကို ပယ်ဖျက်ပေးရန် ကြိုးပမ်းမှုကို ထောက်ခံသည့်အနေဖြင့် EU အထွေထွေတရားရုံး (EU’s General Court) သို့ လျှောက်လွှာတင်သွင်းခဲ့သည်။
EU တရားရေးတရားရုံးဆိုင်ရာ ဥပဒေပုဒ်မတစ်ခုအရ နိုင်ငံတစ်နိုင်ငံသည် “အမှု၏ရလဒ်တွင် မိမိတို့ ပါဝင်ပတ်သက်မှု သို့မဟုတ် အကျိုးစီးပွားရှိကြောင်း တရားရုံးအား သက်သေပြနိုင်ပါက” အငြင်းပွားမှုများတွင် ဝင်ရောက်စွက်ဖက်ခွင့်ရှိကြောင်း အမေရိကန် တရားရေးဌာနက အကြောင်းပြထားသည်။
အပြည်ပြည်ဆိုင်ရာဥပဒေတွင် နယ်မြေပိုင်နက်ဆိုင်ရာ စီရင်ပိုင်ခွင့်ကို ယေဘုယျနားလည်ထားမှုနှင့်အညီ ကော်မရှင်၏ မည်သည့်ဆုံးဖြတ်ချက်မဆို စနစ်တကျ အကောင်အထည်ဖော်မှု ရှိမရှိ သေချာစေရန်အတွက် အမေရိကန်နိုင်ငံတွင် “ရှင်းလင်းသော အကျိုးစီးပွားရှိသည်” ဟု DOJ က ပြောကြားခဲ့သည်။
ထို့အပြင် မိမိတို့၏ စီးပွားရေးကို “သိသိသာသာ အကျိုးပြုနေသော” အမေရိကန်တွင် ဌာနချုပ်စိုက်ထားသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို “မလိုလားအပ်သော ထိခိုက်မှုများ” မရှိစေရန်လည်း အမေရိကန်က လိုလားနေသည်။
သောကြာနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ရေးနီးယား (Thomas Regnier) က တရားရုံးတွင် မိမိတို့၏ ရပ်တည်ချက်ကို “ခုခံကာကွယ်ရန် အသင့်ရှိသည်” ဟု ပြောကြားခဲ့သည်။
၎င်းတို့၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေ (Digital Services Act – DSA) ကို ချိုးဖောက်ထားသည်ဟု စွပ်စွဲထားမှုများကြောင့် ကော်မရှင်၏လက်ထဲတွင် “ခိုင်မာသော အထောက်အထားများ” ရှိကြောင်းလည်း သောမတ်စ်က ဆက်လက်ပြောကြားခဲ့သည်။
အပြာရောင်အမှန်ခြစ်များ အသုံးပြုမှုအပြင် EU စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက X အား ကြော်ငြာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် သုတေသနပြုသူများအား အများပြည်သူဆိုင်ရာ ဒေတာများ ကြည့်ရှုခွင့် ငြင်းပယ်ခြင်းတို့ဖြင့် စွပ်စွဲထားသည်။
ဒဏ်ကြေးထုတ်ပြန်စဉ်အချိန်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နည်းပညာဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဟန်နာ ဗာကူနန် (Henna Virkkunen) က “သုံးစွဲသူများ၏ အခွင့်အရေးကို ထိခိုက်စေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမှ ရှောင်လွှဲနေသည့် X တွင် တာဝန်ရှိကြောင်း ဖော်ထုတ်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
“အပြာရောင်အမှန်ခြစ်များဖြင့် သုံးစွဲသူများကို လှည့်ဖြားခြင်း၊ ကြော်ငြာဆိုင်ရာ အချက်အလက်များကို ဖုံးကွယ်ထားခြင်းနှင့် သုတေသနပြုသူများကို ပိတ်ပင်ထားခြင်းတို့သည် EU ၏ အွန်လိုင်းအသိုက်အဝန်းတွင် လုံးဝနေရာမရှိပါ” ဟု သူမက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) တို့က EU စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား အမေရိကန်ကုမ္ပဏီများကို တိုက်ခိုက်နေပြီး ဆင်ဆာဖြတ်တောက်နေသည်ဟု စွပ်စွဲဝေဖန်ခဲ့ကြသည်။
“ဥရောပကော်မရှင်ရဲ့ ဒဏ်ရိုက်မှုဟာ X ကို တိုက်ခိုက်တာတစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံခြားအစိုးရတွေက အမေရိကန် နည်းပညာပလက်ဖောင်းအားလုံးနဲ့ အမေရိကန်ပြည်သူတွေကိုပါ တိုက်ခိုက်တာဖြစ်ပါတယ်။ အွန်လိုင်းမှာ အမေရိကန်တွေကို ဆင်ဆာဖြတ်တဲ့ ခေတ်ကုန်သွားပါပြီ” ဟု ရူဘီယိုက X ပလပ်ဖောင်းပေါ်တွင် ရေးသားခဲ့သည်။
၎င်း၏ ပြောကြားချက်ကို အီလွန်မတ်စ်ခ်က “လုံးဝမှန်ကန်သည်” ဟု ထပ်လောင်းရေးသားကာ ပြန်လည်မျှဝေ (Repost) ခဲ့သည်။
ဥရောပကော်မရှင်ကမူ မည်သည့်လူမျိုး သို့မဟုတ် မည်သည့်နိုင်ငံကိုမျှ သီးသန့်ပစ်မှတ်ထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး ကမ္ဘာ့စံချိန်စံညွှန်း ထိန်းသိမ်းသူအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ထိန်းသိမ်းရန်အတွက် ဒစ်ဂျစ်တယ်နှင့် ဒီမိုကရေစီစံနှုန်းများကို ကာကွယ်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဤအရေးယူဆောင်ရွက်မှုသည် EU တွင် အွန်လိုင်းပလက်ဖောင်းများကို ထိန်းချုပ်သည့် မဖြစ်မနေ လိုက်နာရမည့် စည်းမျဉ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေ (DSA) အောက်တွင် ကော်မရှင်၏ ပထမဦးဆုံး တရားဝင် စည်းကမ်းလိုက်နာမှုမရှိသည့် ဆုံးဖြတ်ချက်ဖြစ်သည်။
သို့သော်လည်း EU သည် အဆိုပါ ပလက်ဖောင်းနှင့် ပတ်သက်၍ အခြားစုံစမ်းစစ်ဆေးမှု အများအပြားကိုလည်း ပြုလုပ်နေပြီး ၎င်းတို့အနက် X တွင် ထည့်သွင်းထားသော AI အကူအညီပေးစနစ် Grok အား စုံစမ်းစစ်ဆေးမှုလည်း ပါဝင်သည်။ ထို AI ကို စစ်မှန်သော လူပုံရိပ်များ အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ပုံရိပ်များ ဖန်တီးရာတွင် အသုံးပြုခဲ့သည်ဟူသော စိုးရိမ်မှုများကြောင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
Ref: BBC
