နေမိုး
၂၆. ၉. ၂၀၂၆
အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်၏အဓိက အင်အားပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အမျိုးသမီးစစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များမှာ အားသာချက်များစွာရှိသည်ကို တွေ့ရကြောင်း၊ တပ်မတော်အကြီးအကဲတို့၏ အမြော်အမြင်ကြီးမှုဖြင့် နိုင်ငံတကာအဆင့်အတန်းမီအောင် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းများအဖြစ် မောင်ရင်းနှမကဲ့သို့ သားသမီးအရင်းအချာကဲ့သို့ စောင့်ရှောက်ပေးရန်လိုကြောင်း၊ ထိန်းသိမ်းသွန်သင်ပေးရန်လိုအပ်သူများကိုလည်း လမ်းလွဲမရောက်အောင် စောင့်ရှောက်ပေးရန်လိုကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်၏အဓိက အင်အားပင်ဖြစ်ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းနှင့်ပတ်သက်လျှင် စည်းကမ်းတိတိကျကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသမီးစစ်မှုထမ်းများအား ရည်ရွယ်ချက်ကြီးမားစွာ ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင်တစ်ဖက်ကလည်း ရုံး/ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးအရာရှိများနှင့် အရပ်ဘက် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် အမျိုးသမီးအရာရှိများအား Social Media Network များ၌ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့အတူ ရဲမေများသည် တပ်မတော်၏ အရန်အင်အားများဖြစ်ပြီး မိခင်စိတ်ရှိသည့်အတွက်ကြောင့် အားကိုးရကြောင်း၊ ရဲမေများနှင့်ပတ်သက်လျှင် ၎င်းတို့သည် အိမ်ထောင်ဦးစီးကိုအားကိုး၍ မိဘအိမ်မှခွဲထွက်လာခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် စောင့်ရှောက်ရန် တာဝန်ရှိပြီး အားလုံးကမိသားစုစိတ်မွေးရန်လိုကြောင်း၊ တပ်မတော်ရှိ အိမ်ထောင်သည် ရဲမေမိသားစုဝင်များသည် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကားများပင်ဖြစ်၍ မိသားစုစည်းလုံးညီညွတ်ရေးမှအစပြုပြီး စနစ်တကျစုဖွဲ့လုပ်ဆောင်နိုင်ရေးအတွက် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း။ ခေါင်းဆောင်များအနေဖြင့် မှန်မှန်ကန်ကန်နှင့် လက်အောက်၏ သက်သာချောင်ချိရေးအပိုင်းကို ဆောင်ရွက်ပြီး လုပ်ဆောင်မည်ဆိုပါက တပ်တွင်းစည်းလုံးညီညွတ်ရေးများတွင်လည်း အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး တပ်များအပေါ် စေတနာထား၍လုပ်ဆောင်ရန်လိုကြောင်း၊ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် သက်သာချောင်ချိရေးကိစ္စရပ်များ ထိထိရောက်ရောက်လုပ်ရန် လိုအပ်ကြောင်း၊ အရာရှိ၊ စစ်သည်များ တပ်နေပျော်စေရေးအတွက် သက်သာချောင်ချိရေး ကိစ္စများသာမက တပ်များတွင်နေချင်စဖွယ်ဖြစ်အောင် တပ်သာယာလှပရေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့အပြင် တပ်မှူးများသည် တပ်ဖွဲ့အတွင်းရှိ ရဲဘော်များနှင့် မိသားစုဝင်များ၏ ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် စာဖတ်အားမြှင့်တင်ရေးလုပ်ရန်လိုကြောင်း၊ မိမိတို့တပ်မတော်တွင် ပညာတတ်စစ်သည်များလာပါက စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့စစ်သည်များ တွေးခေါ်မြော်မြင် နိုင်စွမ်းမြင့်မားလာပါက အုပ်ချုပ်မှုဖြစ်စဉ်များလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ စာဖတ်နိုင်ရန်အတွက်လည်း စာအုပ်များထားရှိရန်၊ စာဖတ်ချိန်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ရရှိသည့်အချိန်တွင် စာဖတ် နိုင်သည့် အခြေအနေရရှိစေရေး ဖန်တီးပေးရန်လိုကြောင်း၊ မိသားစုဝင်သားသမီးများပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့ တပ်မတော်သားများအနေဖြင့် သားသမီးများကိုပေးနိုင်သည်မှာ ပညာအမွေသာဖြစ်ကြောင်း၊ တပ်မတော်သား၊ မှီခိုသူများ၏သားသမီး များအားလုံးသည် အနည်းဆုံး KG+9 (အခြေခံပညာအလယ်တန်းအဆင့်)အထိ ပညာသင်ကြားရမည်ဖြစ်ပြီး စံနမူနာပြအနေဖြင့် မှီခိုသူသားသမီးများအားလုံး အနည်းဆုံး KG+9 (အခြေခံပညာအလယ်တန်းအဆင့်)အထိ တက်ရောက်ရန်ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်ဟု သိရသည်။
အထက်ပါမှာကြားမှုများအပြင် တပ်မှူးနှင့် တပ်မှူး၏ဇနီးသည် တပ်၏ အမိအဖဖြစ်သည့်အတွက် လိုက်ပါနေထိုင်ရန်လိုကြောင်း၊ တပ် တွင်လိုက်နေသည့် အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်ရန် မဟုတ်ကြောင်းနှင့် တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးမှာကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့သည်ဟုလည်း သိရသည်။
