MT News
၂၆. ၉. ၂၀၂၆
တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် လုံခြုံရေးအဖွဲ့များ ပါဝင်ပတ်သက်မှုမရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်သလို တရားဝင်အထောက်အထားများဖြင့် ပို့ဆောင်သည့်ကုန်စည်များကိုလည်း ငွေကြေးများတောင်းခံခြင်းမပြုဘဲ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်နှင့် ကိုးဆူစစ်ဆေးရေးဂိတ်အား စစ်ဆေးမှာကြားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ သတင်းဖော်ပြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်နှင့် ကိုးဆူစစ်ဆေးရေးဂိတ်များအားစစ်ဆေးခဲ့ပြီး ပန်တိုင်စစ်ဆေးရေးဂိတ်အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်တိုင်စစ်ဆေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး “ဧရာဝတီတိုင်းဒေသကြီးအတွင်း လုံခြုံရေးစစ်ဆေးရေးဂိတ် ၅ ခုရှိပါကြောင်း၊ လုံခြုံရေးစစ်ဆေးရေးဂိတ်များသည် တိုင်းဒေသကြီး၏ အရေးပါသည့်ဂိတ်များဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသအလိုက်လုံခြုံရေးပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များဖြစ်ပါကြောင်း၊ အဆိုပါစစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာအသုံးချနေခြင်းများမရှိစေရေး အလေးထားလိုက်နာရမည်ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုများမဖြစ်ပေါ်စေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများမဖြစ်စေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဂိတ်များကို အမြဲမပြတ်စစ်ဆေးကြပ်မတ်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် လုံခြုံရေးအဖွဲများ ပါဝင်ပတ်သက်မှုမရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်အထောက်အထားများဖြင့် ပို့ဆောင်သည့်ကုန်စည်များကိုလည်း ငွေကြေးများတောင်းခံခြင်းမပြုဘဲ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ်ကိုလည်း ပြီးပြည့်စုံသည့် စစ်ဆေးဂိတ်တစ်ခုဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” မှာကြားသည်။
ထို့နောက် လုံခြုံရေးအဖွဲ့များက ပန်တိုင်စစ်ဆေးရေးဂိတ်၏ လက်ရှိလုံခြုံရေးအခြေအနေ၊ တာဝန်ချထားမှုနှင့်ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်များအား စနစ်တကျစစ်ဆေးဆောင်ရွက်နေမှု၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးစီမံဆောင်ရွက်ထားမှု၊ ဂိတ်ပတ်ဝန်းကျင် လုံခြုံရေးစောင့်ကြည့်ဆောင်ရွက်နေမှုနှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် လုံခြုံရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ကိုးဆူစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့များအားတွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “စားအုံးဆီ၊ စက်သုံးဆီများနှင့် အထောက်အထားမဲ့ တရားမဝင် ကုန်စည်စီးဆင်းမှုများ မရှိစေရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအဆင့်ဆင့်မှလည်း စစ်ဆေးရေးဂိတ်များကို အမြဲမပြတ်စစ်ဆေးကြပ်မတ်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် လုံခြုံရေးအဖွဲ့များ ပါဝင်ပတ်သက်မှုမရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်အထောက်အထားများဖြင့် ပို့ဆောင်သည့် ကုန်စည်များကိုလည်း အခကြေးငွေများတောင်းခံခြင်းမပြုရန် အလေးအနက်ထား ဆောင်ရွက်ရန်လိုပါကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း”မှာကြားပြီး လုံခြုံရေးအဖွဲ့များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
Ref & Photo MOI
