နေမိုး
၁၆. ၉. ၂၀၂၆
ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာသည့် ထားဝယ် PDF နှစ်ဦးက PP-1 စက်သုံးဆီဆိုင်မန်နေဂျာကို ဒလန်ဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်လိုက်မှု ထားဝယ် – မြိတ် ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းရရှိသည်။
NUG ဩဇာခံ ထားဝယ် PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအနီး ထားဝယ် – မြိတ်ကားလမ်းပေါ်ရှိ PP-1 စက်သုံးဆီဆိုင်၌ ဆီဆိုင်မန်နေဂျာဖြစ်သူ လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာနေ ဦးဟန်စိုးအောင်(၃၈)နှစ်သည် ဆီဆိုင်ဝန်ထမ်း ခြောက်ဦးနှင့်အတူ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဟန်စိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
