၁၆.၉.၂၀၂၆
Written by Thiri
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အသက် ၄၅ နှစ်ခန့် အမျိုးသားတစ်ဦးကို ဝင်တိုက်မိပြီး သတင်းပို့ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားတဲ့ “စွမ်းထက်သာ” အဝေးပြေးခရီးသည်တင် Express ယာဉ်မောင်းကို ဖြူးတိုးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ထံက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၁၅ ရက် ညပိုင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၇/၇ နဲ့ ၁၇၈/၀ ကြား (နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သည့် အပြန်လမ်း) မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လမ်းအလယ်မှာ အသက် ၄၅ နှစ်ခန့်ရှိ အမည်နဲ့ နေရပ်လိပ်စာ စုံစမ်းဆဲ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး လဲကျသေဆုံးနေတာကို တွေ့ရှိရတာကြောင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ရာ သေဆုံးသူကို ဝင်တိုက်ခဲ့တဲ့ ယာဉ်မှာ “စွမ်းထက်သာ” အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်မောင်း အောင်ချို (အသက် ၃၆ နှစ်) မောင်းနှင်တဲ့ Express ယာဉ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်း အောင်ချိုဟာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်ကို ရပ်တန့်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ စစ်ဆေးခံခြင်းမပြုဘဲ ရန်ကုန်ဘက်ကို ဆက်လက်မောင်းနှင် ထထွက်ပြေးသွားခဲ့ကာ ဖြူးတိုးဂိတ်သို့ ရောက်ရှိချိန်မှာတော့ အဆိုပါ Express ယာဉ်ရဲ့ ရှေ့လေကာမှန်နဲ့ ညာဘက်မီးလုံးတွေကွဲအက်နေတာကို တာဝန်ရှိသူတွေက စိစစ်တွေ့ရှိရာမှ ယာဉ်တိုက်မှုဖြစ်စဉ်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ရပ်တန့်သတင်းပို့ရန် ပျက်ကွက်ခဲ့တဲ့ ယာဉ်မောင်း အောင်ချိုကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)/ ပုဒ်မ ၂၀၂ တို့နဲ့ အမှုဖွင့် တရားစွဲဆို အရေးယူထားကြောင်း သိရပါတယ်။
