၁၂.၉.၂၀၂၆
Written by Linn Eain
မန္တလေးတွင် ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်များ စက်တင်ဘာ ၁၃ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဟု Myanmar Airways International (MAI)က စက်တင်ဘာ ၁၂ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။
MAI အနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးဆွဲမှုယာယီရပ်နားကြောင်း ကြေညာပြီး ၂ ရက်အကြာတွင် ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုရာခရီးစဉ်များကိုပို့ဆောင်ပေးရန် အသင့်ရှိနေကြောင်း ဖော်ပြထားသည်။
Myanmar Airways International (MAI) သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ သွားလာသည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်အားလုံးကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းရင်းများကြောင့် ယာယီရပ်နားထားကြောင်းနှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ကြေညာသွားမည်ဟု စက်တင်ဘာ ၁၀ ရက်၊ ညပိုင်းက Important Announcement အနေဖြင့် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ယာယီရပ်နားချိန်အတွင်း MAI လေကြောင်းလိုင်းနှင့် Mingalar လေကြောင်းလိုင်းတို့၏ မန္တလေးသို့ပြေးဆွဲမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်မှ ပြေးဆွဲမည်ဖြစ်ပြီး ပြည်ပခရီးစဥ်များ ယာယီရပ်နားထားမှုကြောင့် လက်မှတ်ဝယ်ယူထားသူများအတွက် လက်မှတ်ခများ အပြည့်အဝပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး ခရီးစဥ်လမ်းကြောင်း တစ်ကြိမ်အခမဲ့ပြောင်းလဲမှု(ထိုင်ခုံရရှိနိုင်မှုအပေါ် မူတည်၍) ပြုလုပ်နိုင်ကြောင်း MAI က ထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို PDF များက FPV Suicide Drone များဖြင့် စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းက တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ဟု တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
