Written By Min Thet
၁၂.၉.၂၀၂၆
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကျောက်မဲဗဟိုစျေး တောင်ဘက် တိုက်တန်းရှိ ရွှေမိုးရွှေဆိုင် သို့ ယနေ့ စက်တင်ဘာလ ၁၂ နံနက်ပိုင်းက ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။
ရွှေမိုးရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသည့် လူငယ်သုံးဦးက သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ဓားပြတိုက်ခဲ့သောကြောင့် ငွေကျပ်သိန်း ၆၃၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာလ (၁၂)ရက် နံနက် (၈)နာရီခွဲအချိန်ခန့်က ကျောက်မဲဗဟိုဈေး တောင်ဘက် အပြင်ဆိုင်တန်းရှိ ရွှေမိုးရွှေဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးဖိုးစိန်နှင့် ၎င်း၏ ဇနီးဒေါ်မြဟန်တို့ ရွှေဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် မျက်နှာဖုံးအမည်း ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသော အမည်မသိ လူငယ်သုံးဦးက ဆိုင်ကယ်တစ်စီး ဖြင့်ရောက်ရှိလာကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါလူငယ်သုံးဦးက ဆိုင်ရှင်များအား သေနတ်အတိုဖြင့် ချိန်ရွယ်ပြီး ရွှေဆွဲကြိုး (၆၈)ကုံး၊ ဆွဲသီး (၄၅)ခု၊ လက်စွပ် (၂၄၁)ကွင်း၊ လက်ကောက် (၁၁)ကွင်း၊ နားကပ်/နားကွင်း (၃၁၉)ခု၊ စုစုပေါင်းအလေးချိန် (၇၀) ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၆၃၀၀)ခန့် ထည့်ထားတဲ့အိတ်ကို လုယက်ယူဆောင်ကာ သေနတ်ပစ်ဖောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသည်ကို စည်ပင်အမှိုက်သိမ်းယာဉ်မောင်း ဦးရဲမင်းဦးက တားဆီးခဲ့သောကြောင့် လူငယ်သုံးဦးထဲမှ တစ်ဦးက သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်သည့်အတွက် ဦးရဲမင်းဦး၏ လက်ယာခြေမျက်စိအထက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိကာ ဆိုင်ရှင်ဖြစ်သူ ဦးဖိုးစိန်တွင်လည်း လက်ဝဲဘက်လက်မောင်း ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
“ဝင်ကူဖို့ လုပ်တဲ့ကောင်လေးက ညာဘက် ခြေထောက် မှန်တယ်။ ပစ်နေတဲ့အချိန်မှာ ရွှေဆိုင်ပိုင်ရှင်ကလည်း သူ့ရွှေတွေနောက်ကို လိုက်တာဆိုတော့ သေနတ်နဲ့ ပစ်တဲ့အခါ နှစ်ယောက်လုံး ထိတာ။ ဒါပေမဲ့အသက်အန္တရာယ် မရှိဘူး။အခု ကျောက်မဲဆေးရုံကြီးမှာ ကုသမှုခံယူနေကြတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ကျောက်မဲလူမှုကူညီရေးအသင်းက ယင်းဖြစ်စဉ်တွင် ဒဏ်ရာများ ရရှိခဲ့ကြသည့် ဆိုင်ရှင်နှင့် စည် ပင်သာယာ ဝန်ထမ်းတို့ အား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
