သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၏ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဘာယွန်ကျောင်းတော်သို့ပါ တစ်ဆက်တည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကျောင်းတော်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ APSARA National Authority မှ တာဝန်ရှိသူက ကြိုဆိုခဲ့ပြီး ကျောင်းတော်၏ ယခင်သမိုင်းနှင့် ယခုလက်ရှိအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ နိုင်ငံတော်သမ္မတက မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောသုံ (Angkor Thom) မြို့ဟောင်းဗဟို၌ တည်ရှိသော ဘာယွန်ကျောင်းတော် (Bayon Temple) သည် ခမာအင်ပါယာ၏ အထူးခြားဆုံးနှင့် သမိုင်းတန်ဖိုး အမြင့်မားဆုံး ရှေးဟောင်းဗိသုကာ လက်ရာအဖြစ် ကမ္ဘာ့လှည့်ခရီးသွားများအကြား ရေပန်းစားသည်။
ဘာယွန်ကျောင်းတော်ကို ၁၂ ရာစုနှောင်းပိုင်းမှ ၁၃ ရာစုအစောပိုင်းအတွင်း ခမာအင်ပါယာ၏ ထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဝင် ခုနစ်ဆက်မြောက်ရာဇဗာမန်ဘုရင် (Jayavarman VII) က နိုင်ငံတော်အဓိကကျောင်းတော်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကျောင်းတော်သည် မူလကဇယဂီရိ” (Jayagiri – အောင်မြင်သောတောင်) ဟု အမည်တွင်ခဲ့သည်။
ဘာယွန်ကျောင်းတော်၏ အထင်ရှားဆုံး သင်္ကေတမှာ မျှော်စင်ကြီးများပေါ်တွင် ထုဆစ်ထားသည့် ကြီးမား၍ ငြိမ်းချမ်းသော အပြုံးမျက်နှာပုံ ကျောက်ဆစ်ရုပ်တုများ ဖြစ်သည်။ အဆိုပါ မျက်နှာတော်များသည် ဗောဓိသတ္တ သို့မဟုတ် ဘုရင် ရာဇဗာမန်၏ ရုပ်သွင်ကို ကိုယ်စားပြုသည်ဟု သမိုင်းသုတေသီများက ယူဆကြသည်။
ခမာအင်ပါယာအတွင်း သာသနာရေး ပြောင်းလဲမှုများအရ ၁၃ ရာစုအလယ်ရှစ်ဆက်မြောက် ဘုရင် ရာဇဗာမန် လက်ထက်တွင် ဟိန္ဒူဘာသာသို့ ပြန်လည်ပြောင်းလဲခဲ့သဖြင့် ဘုရားကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အချို့ ပြင်ဆင် ဖျက်ဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထေရဝါဒဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားလာသောအခါ ထေရဝါဒကျောင်းတော်အဖြစ် သမိုင်းအဆင့်ဆင့် ပြောင်းလဲခဲ့သည်။
ယခုအခါ အဆိုပါ ရှေးဟောင်း ဘာယွန်ကျောင်းတော်ကြီးကို UNESCO နှင့် ဂျပန်နိုင်ငံ အပါအဝင် အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနအဖွဲ့များ (JSA) က ပူးပေါင်း၍ မူလလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
