သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၏ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဘုရားကျောင်းသို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ APSARA National Authority မှ တာဝန်ရှိသူက ကြိုဆိုခဲ့ပြီး ဘုရားကျောင်း၏ ယခင်သမိုင်းနှင့် ယခုလက်ရှိအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ နိုင်ငံတော်သမ္မတက မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
အန်ကောဝပ် ဘုရားကျောင်း (Angkor Wat) သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပြည်နယ် (Siem Reap) တွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံကြီး ဖြစ်သည်။ ၁၂ ရာစုနှစ် အစောပိုင်းတွင် ခမာအင်ပါယာ၏ ဆူရိယဝရမန် (ဒုတိယ) မင်းကြီး (Suryavarman II) က ဟိန္ဒူဘာသာဝင်တို့၏ ဗိသုကာလက်ရာများဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
ဧရိယာ ၄၀၂ ဧကကျော် ကျယ်ဝန်းသည့် အန်ကောဝပ် ကျောင်းတော်ကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဘာသာရေးဆိုင်ရာ အဆောက်အအုံအဖြစ် စံချိန်တင်ထားသလို ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ပြီး နိုင်ငံတော်အလံတွင်လည်း ထည့်သွင်းပုံဖော်ထားသည့်အပြင် ၁၉၉၂ ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage Site) အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံ၏ အဓိက စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို ဦးဆောင်နေသည့် သမိုင်းဝင်ကျောင်းတော်ကြီးဖြစ်သည်။
