၁၂.၉.၂၀၂၆
Written by Linn Eain
မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စင်းမှ လိုက်ပါလာသူများအနက် ၁၁ ဦးအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း စက်တင်ဘာ ၁၀ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်က တိုးတိုးလွင်(၉၉)အမည်ရှိ ငါးသယ်လှေတစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်တစ်စင်းတို့သည် အနီးအနားရှိ ဒေသခံ ငါးဖမ်းလှေများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တိုးတိုးလွင်(၉၉) ငါးသယ်လှေပေါ် လိုက်ပါလာသူများအနက် ၁၁ ဦးတို့ကို ရေယာဉ်ပေါ် သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့် စိစစ် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျစောင့်ရှောက်ထားကြောင်း သိရသည်။
