၁၂.၉.၂၀၂၆
Written by NYL
ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးကို တာမွေမြို့နယ်ရှိ Sky Star ဟိုတွင် စက်တင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ပြန်လည်ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးဖေသက်က “ကျွန်တော်တို့ ပါတီညီလာခံဆိုတာက ခေါ်ယူဖို့ တော်တော်ခဲယဉ်းပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ ခဏခဏလုပ်ရတယ်။ ဘယ်သူတွေ တက်သင့်သလဲ၊ ဘယ်သူတွေ ဘာလုပ်မယ်။ ပြီးတော့ ညီလာခံရဲ့ စာတမ်းက ဘာလဲ၊ ညီလာခံရဲ့ သဘောသဘာဝအရ ဒါက ပါတီရဲ့ ရှေ့ကို Renew လုပ်တာပေါ့နော်။ အားတွေ ပြန်ဖြည့်ကြတာပေါ့။ ကျွန်တော်တို့ရဲ့ လုပ်ခဲ့တဲ့ဟာကို ဟို Review လုပ်တယ်။ ပြီးတော့ ရှေ့သွားမယ့် မူဝါဒတွေကို ဘယ်လိုဆက်သွားမလဲ ဆိုတာကို ဆွေးနွေးကြတယ်၊ စာတမ်းတင်ကြတယ်၊ စာတမ်းဖတ်ကြတယ်။ အဲ့ဒီအပေါ်မှာမှ ကျွန်တော်တို့က ပြန်ပြီးတော့စုစည်းပြီးတော့ ဘယ်လိုသွားသင့်တယ်ဆိုတဲ့ဟာကို မျက်နှာစုံညီ ပွင့်ပွင့်လင်းလင်း ဒီညီလာခံမှာ တင်ပြကြတယ်။ ပါတီတစ်ခုရဲ့ ညီလာခံဟာ နံပါတ်တစ်ပါပဲ။ ပါတီရဲ့ အသက်ပါပဲ။ အဲ့တော့ ညီလာခံရဲ့ ဗဟိုကော်မတီအစည်းအဝေးဆိုတာ ပါတီတစ်ခုရဲ့ အသက်ပါပဲ။ သူတို့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သူတို့ချမှတ်ထားတဲ့ မူဝါဒတွေအရပဲ ကျွန်တော်တို့က ဗဟိုလုပ်ဆောင်ရေးအဖွဲ့ကို ဖွဲ့ပြီးတော့မှ ဒီ ဗဟိုလုပ်ဆောင်ရေးအဖွဲ့က အကောင်အထည်ဖော်ရတာပါ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ပါတီညီလာခံမှာ ချမှတ်ထားတဲ့ မူဝါဒ၊ နိုင်ငံရေးမူဝါဒတွေ ပါလာမယ်၊ ပါတီ လုပ်ငန်းစဉ် လုပ်ငန်းစဉ်တွေ ထွက်လာမယ်။ အဲ့အတိုင်း ကျွန်တော်တို့က ဆက်သွားရမှာပါ” ဟုပြောကြားခဲ့သည်။
ပြည်သူ့ပါတီညီလာခံ တက်ရောက်လာသည့် ပါတီဝင်များသည် ဦးစွာ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် ပြည်သူ့ပါတီအလံအားအလေးပြုခြင်း၊ ပြည်သူ့ပါတီ၏ သံန္နိဌာန်အားရွတ်ဆိုခြင်းတို့ ဆောင်ရွက်ပြီးနောက် ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံအတွက် သဘာပတိ သုံးဦးရွေးချယ်ခဲ့ရာ ပါတီဝင်များထဲမှ ဦးတင်မောင်ဝင်း၊ ဒေါ်ဥမ္မာကြည်၊ ဦးတင်စိုးတို့ကို ရွေးချယ်ခဲ့သည်။
ထို့နောက် ပြည်သူ့ပါတီဖြတ်သန်းမှု သမိုင်းမှတ်တမ်း Video ပြသခဲ့ပြီး ပြည်သူ့ပါတီ ဗဟိုဦးဆောင်နာယက ဦးကိုကိုကြီးက Video မှတ်တမ်းဖြင့် အမှာစကားပြောကြားခြင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဖေသက်က အဖွင့်အမှာစကားပြောကြားခြင်း၊ အထွေထွေအတွင်းရေးမှူး ဦးကျော်လင်းက ပါတီမူဝါဒ၊ ဖွဲ့စည်းပုံစည်းမျဉ်းစမ်းကမ်းနှင့် ပတ်သက်သည့် သဘောသဘာ၀များ ရှင်းလင်းပြတင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၅ ရွေးကောက်ပွဲ ပြန်လည်လေ့လာသုံးသပ်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသောညီလာခံကိုယ်စားလှယ်များမှ စာတမ်းတင်သွင်းဖတ်ကြားခြင်း၊ ညီလာခံအဆိုပြုချက်ကို တင်ပြခြင်းနှင့် ထောက်ခံဆွေးနွေးခြင်းတို့ ဆောင်ရွက်ပြီးနောက် ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံမှ ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေး ဆက်လက်ပြုလုပ်ကြမည် ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် တက်ရောက်လာသူများက အစီရင်ခံစာတင်သွင်းခြင်း၊ လုပ်ငန်းကော်မတီနှင့် ရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဗဟိုကော်မတီများ ပယ်ဖျက်ကာ ဗဟိုကော်မတီဝင်များ ပြန်လည်ရွေးချယ်ပြီး ကတိသစ္စာခံယူခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီပြန်လည်ရွေးချယ် အတည်ပြုပြီးနောက် ဗဟိုအလုပ်အမှုဆေင်ကော်မတီဝင်များ ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
