၁၂.၉.၂၀၂၆
Written by NYL
ယနေ့ရင်ဆိုင်နေရသည့် အခြေအနေသည် စံကိုက်ဒီမိုကရေစီအခြေအနေမျိုးမဟုတ်သည့်အတွက် ပါတီအတွင်း ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ရန် အင်မတန်အရေးကြီးကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင် ဦးကိုကိုကြီး ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးသို့ Video မှတ်တမ်းဖြင့်ပေးပို့သည့် ပြည်သူ့ပါတီ ဗဟိုဦးဆောင်နာယက ဦးကိုကိုကြီး၏ အမှာစကားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကိုကိုကြီးက “ပြည်သူတွေနဲ့ ပတ်သက်လို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှနေပြီးတော့ လက်တွေ့ ဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေကို ကျွန်တော်တို့က ထင်ဟပ်ပြီးတော့ ဝန်ဆောင်မှုပေးခြင်းဟာ အကောင်းဆုံး စည်းရုံးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခြေအနေဟာ စံကိုက်ဒီမိုကရေစီ အခြေအနေမျိုး မဟုတ်ပါဘူး။အဲဒီ ပကတိ အခြေအနေကိုလည်း ကျွန်တော်တို့ အားလုံးက နားလည်ထားဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်သူ့ပါတီအတွင်း ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ရန် အင်မတန်အရေးကြီးပြီး တစ်ယောက်နှင့် တစ်ယောက် နားလည်မှုပေးကာ စည်းရုံးတည်ဆောက်ကြရမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒီနေ့ ဖြတ်သန်းနေရတဲ့ အခြေအနေဟာ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ စံကိုက် ဒီမိုကရေစီ မဟုတ်တဲ့ အခြေအနေ၊ ထူးခြားတဲ့ အခြေအနေတွေကို ဖြတ်သန်းနေရတာ ဖြစ်တဲ့အတွက်ကြောင့် ပါတီတွင်းမှာ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ဖို့ အင်မတန် အရေးကြီးပါတယ်။ လူတိုင်းမှာ အကုန်လုံး၊ အလုံးစုံ ပြည့်စုံတာ ဘာတစ်ခုမှ မရှိပါဘူး။ အဲတော့ ပါတီဆိုတာဟာ အားလုံးစုဖွဲ့ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးရင်း စည်းရုံးကြရမှာ၊ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၀ ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် အကျပ်အတည်းနှင့် စိန်ခေါ်မှုများစွာရှိသည့်အထ် မဲဆန္ဒရှင် ပြည်သူ ၁ သန်း၊ ၁ သိန်းကျော် ထောက်ခံမဲပေးခြင်းရရှိခြင်းသည် ပြည်သူ့ပါတီ၏ သမိုင်းတွင် ထင်ရှားသည့်မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ယင်းကြောင့် မိမိတို့ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူများ၏ ခံစားချက်များ၊ နစ်နာမှုများ၊ လိုအပ်ချက်များကို လွှတ်တော်ထဲတင်ပြနိုင်ဖို့သည့် ပါတီဝင်တိုင်းတွင် တာဝန်ရှိပြီး အထူးသဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကိုယ်စားလှယ်လောင်းများသည် ပြည်သူတွေနှင့် ထိတွေ့စည်းရုံးလှုပ်ရှားခဲ့သည့် အတွေ့အကြုံ၊ လေ့ကျင့်မှု အမြောက်အမြားရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ်၊ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူများနှင့် ထိတွေ့ပြီး ပြည်သူများ၏ ဆန္ဒ၊ လိုအပ်ချက်များနှင့် ခံစားချက်များကို မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကတစ်ဆင့် လွှတ်တော်ထဲမှာ ထင်ဟပ်နိုင်အောင် ကြိုးစားရမှာဖြစ်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးကိုကိုကြီးက ပြည်သူ့ပါတီအနေဖြင့် ယနေ့ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို ကျော်လွှားဖို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မှု၊ အကြောင်းကြောင်းကြောင့် ကွဲကွာနေကြသည့် မိသားစုများကို ပြန်လည်စုစည်းနိုင်မှု၊ ပြည်သူ တစ်ရပ်လုံး၊ ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းကြားမှာ ဖြစ်ပေါ်နေသည့်စိတ်ဒဏ်ရာများကို အမြန်ဆုံး သက်သာပျောက်ကင်းအောင် ဆောင်ရွက်ပေးရန်အတွက် ပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၀ိုင်းဝန်းကြိုးပမ်းကြရန်၊ အချင်းချင်းယုံကြည်နားလည်မှုအပြည့်ဖြင့် ပြည်သူ့ပါတီကို ဆက်လက်ဦးဆောင်သွားကြရန် ယခုပြုလုပ်သည့် ပြည်သူ့ပါတီညီလာခံမှ ဖြစ်ပေါ်လာမည့် ကိုယ်စားလှယ်တော်ကြီးများ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ အားလုံးကို အလေးအနက်တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးကိုကိုကြီးသည် ယခုအခါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်အဖြစ် နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ပြည်သူ့ပါတီတွင် ဗဟိုဦးဆောင်နာယကအဖြစ် ဆက်လက်တည်ရှိကာ ဥက္ကဋ္ဌအဖြစ် ဦးဖေသက်က တာဝန်ယူထားကြောင်း သိရသည်။
