သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လက်ရှိရောက်ရှိနေသည့် စီရမ်ရိပြည်နယ်မှ အမိနိုင်ငံသို့ အထူးလေယာဥ်ဖြင့် ပြန်လည် ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်တွင် Siem Reap Angkor အပြည်ပြည်ဆိုင်ရာ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား စီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတကြီးသည် ယမန်နေ့က မြို့တော်ဖနွမ်းပင်တွင် ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ခမည်းတော်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK “PREAH BOROM RATANAK KAUDH”၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် အထက်လွှတ်တော်ခန်းမတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့် နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲ ပြုလုပ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေးခဲ့သည့်အပြင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech Maha Rathsapheathika Thipadei Khuon Sudary နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက်တွင် ဖနွမ်းပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အား ဖူးမြော်ကြည်ညိုခဲ့သလို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားမှုနှင့် အသစ်တည်ဆောက်မည့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမြေနေရာသို့ သွားရောက်ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ယနေ့နံနက်တွင် စီရမ်ရိ (Siem Reap) မြို့သို့ အထူးလေယာဥ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၁ နာရီခွဲဝန်းကျင်တွင် စီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Siem Reap Angkor အပြည်ပြည်ဆိုင်ရာ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား စီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ကြိုဆို နှုတ်ဆက်ခဲ့သလို ဂါရဝပြုနှုတ်ဆက်ကာ နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံပြီးနောက် နိုင်ငံတော်သမ္မတကြီးက ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ကျောင်းတော်နှင့် ဘာယွန်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
