၁၂.၉.၂၀၂၆
translated by Htwe Ko Tun
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က လာမယ့် ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ ကျင်းပမယ့် ဂျီ-၂၀ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်ဆိုရင် သူ့အနေနဲ့လည်း ထိုဆွေးနွေးပွဲကို တက်ရောက်ဖို့ အသင့်ရှိပါတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။ သူက ကနေဒါတပ်ဖွဲ့တွေရဲ့ မြောက်ပိုင်းပင်လယ်အော်အခြေစိုက်စခန်း North Bay စခန်းမှာ Deutsche Welle သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မိုင်ယာမီမြို့ကို သွားရောက်နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဇယ်လန်းစကီးက သဘောတူညီတဲ့ သဘောမျိုးနဲ့ ဖြေကြားခဲ့ပါတယ်။ သူက တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်သလို၊ စကားလုံးတွေထက် လက်တွေ့ရလဒ်တွေက ပိုမိုအရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲစဖြစ်ကထဲက ဇယ်လန်းစကီးနဲ့ ပူတင်တို့ လူချင်းတွေ့ဆုံတာ မရှိသေးပါဘူး။
DW နဲ့ တွေ့ဆုံမေးမြန်းရာမှာတော့ ဇယ်လန်းစကီးက သူ့နိုင်ငံအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုပြုဖို့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိပြီး ရုရှားသမ္မတပူတင်ကိုလည်း မိုင်ယာမီ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
မိုင်ယာမီမြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ကို ပူတင် သွားရောက်မယ်၊ မသွားရောက်ဘူးဆို ဆိုတာကို ကရင်မလင် ရုရှားသမ္မတရုံးက ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။ ရုရှားခေါင်းဆောင်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွေကို လူကိုယ်တိုင် တက်ရောက်တာ မရှိခဲ့ပါဘူး။
ဆောင်းရာသီကာလမရောက်ခင် ပက်ထရီယော့ဒုံးကျည်တွေ လိုအပ်နေမှုနဲ့ပတ်သက်လို့ ဇယ်လန်းစကီးက ပြောခဲ့ရာမှာလည်း ရုရှားဘက်မှ ပိုမိုအသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ်ဆင်ထားတဲ့ ဒရုန်းတွေကို ခုခံတိုက်ဖျက်ဖို့ ယူကရိန်းအနေနဲ့ အခက်အခဲရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဇယ်လန်းစကီးရဲ့ ခန့်မှန်းချက်အရ ရုရှားက တစ်လကို ဒုံးကျည် ၁၄၀ စင်းခန့် ထုတ်လုပ်နေပြီး နေတိုးရဲ့ စည်းမျဉ်းတွေအရ ထိုအရေအတွက်ကို ကြားဖြတ်ဟန့်တားနိုင်ဖို့က တစ်လကို ဒုံးကျည် ၂၈၀ စင်း လိုအပ်ပါတယ်။ ဒီမှာ တစ်လကို ဒုံးကျည် အစင်း ၁၀၀ ရရှိဖို့တောင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဆောင်းရာသီကာလ အပါအဝင် အခက်ခဲဆုံးကာလတွေမှာတော့ ယူကရိန်းအနေနဲ့ ဒုံးကျည် ၁၀၀ မှ ၁၂၀ စင်းအထိ လိုအပ်တယ်လို့ ဇယ်လန်းစကီးက ဆိုပါတယ်။
ဂျာမနီနိုင်ငံက သူတို့ရဲ့ လက်ကျန်အင်အားစုမှ ယူကရိန်ုးကို ပက်ထရီယော့ ဒုံးကျည်တွေကို လွှဲပြောင်းပေးအပ်ဖို့ ရည်ရွယ်တယ်လို့ ဒီအပတ်မှာ ကြေညာခဲ့ပေမယ့် မည်မျှအရေအတွက်ဆိုတာ မဖော်ပြခဲ့ပါဘူး။ဇယ်လန်းစကီးကတော့ ယူကရိန်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ တတ်နိုင်သမျှ အကူအညီများ ပေးအပ်ကြပါလို့ ဥရောပမိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဇယ်လန်းစကီးက ယူကရိန်းက စစ်မြေပြင်မှာ အနည်းငယ်မျှ အသာစီးရရှိနေချိန်မှာ ရုရှားဘက်မှ လစဉ် စစ်သည်အင်အား ၃၀,၀၀၀ ကျော် ဆုံးရှုံးနေရတယ်လို့ သုံးသပ်ထားပြီး ယူကရိန်းအနေနဲ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အခြေအနေကောင်းတစ်ခုမှာ ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။
ညှိနှိုင်းဆွေးနွေးမှုတွေဆီကို ဦးတည်တဲ့ ပထမခြေလှမ်းအနေနဲ့ စွမ်းအင်နဲ့ကောက်ပဲသီးနှံ ကိစ္စရပ်တွေအတွက် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေရှိမရှိကို သံတမန်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဇယ်လန်းစကီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။ DW News သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုဒက်ဆာဒေသရှိ ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားဘက်က လက်တွေ့အားဖြင့် ပိတ်ဆို့ထားလို့ ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင်ပို့မှုပမာဏက ဩဂုတ်လအထိ ကာလအတွင်း ယခင်နှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၇၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
Ref;DW News
