သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် Siem Reap Angkor လေဆိပ်မှ အမိနိုင်ငံသို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်အချိန် နေပြည်တော်အထူးလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ဒုတိယသမ္မတဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများက လေဆိပ်တွင် စောင့်ကြိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဥ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့် နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲပြုလုပ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေးခဲ့သည့်အပြင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech Maha Rathsapheathika Thipadei Khuon Sudary နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲများအနက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားလည်း ကျင်းပနိုင်ခဲ့ပြီး ယမန်နေ့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တို့၏ ရှေ့မှောက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ် ကျသင့်မှုမှရှောင်ရှားရေး သဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် ရောက်ရှိခဲ့သော နိုင်ငံတော်သမ္မတကြီးသည် မြို့တော်ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ခမည်းတော်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK ၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုခြင်း၊ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အား ဖူးမြော်ကြည်ညိုခြင်း၊ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားကာ အသစ်တည်ဆောက်မည့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမြေနေရာသို့ သွားရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းနှင့် စီရမ်ရိ (Siem Reap) မြို့တွင် စီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ကြိုဆို နှုတ်ဆက်ခဲ့မှု၊ ဂါရဝပြုနှုတ်ဆက်ကာ နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံမှုကို ခံယူခြင်းအပြင် ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ကျောင်းတော်နှင့် ဘာယွန်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
