၁၂.၉.၂၀၂၆
translated by Htwe Ko Tun
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက် တစ်ရက်အကြာ စက်တင်ဘာလ ၁၂ ရက်တွင် မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်သို့ တာတိုပစ် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ဝွန်ဆန် (Wonsan) ဒေသမှ တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်လိုက်သည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် အမေရိကန်ဘက်နှင့်အတူ ၎င်းတို့၏ တိကျသော အချက်အလက်များကို လေ့လာနေကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားသည်။
ဒုံးကျည်များသည် ခန့်မှန်းခြေ ကီလိုမီတာ ၂၅၀ ခန့် ပျံသန်းပြီးနောက် ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ကြောင်း JCS က ဆိုသည်။
မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို စတင်ချိန်ကတည်းက တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်များက စောင့်ကြည့်မှတ်တမ်းတင်ကာ အချက်အလက်များ အပြန်အလှန် မျှဝေခဲ့ကြပြီး ဂျပန်နိုင်ငံနှင့်လည်း သက်ဆိုင်ရာ အချက်အလက်များကို မျှဝေခဲ့ကြောင်း JCS က ပြောကြားသည်။
“ကျွန်ုပ်တို့ စစ်တပ်အနေဖြင့် ခိုင်မာသော တောင်ကိုရီးယား-အမေရိကန် ကာကွယ်ရေး အနေအထားအောက်တွင် မြောက်ကိုရီးယား၏ အမျိုးမျိုးသော လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး မည်သည့် ရန်စမှုမျိုးကိုမဆို ပြတ်သားပြင်းထန်စွာ တုံ့ပြန်နိုင်မည့် စွမ်းရည်နှင့် အသင့်အနေအထားကို ထိန်းသိမ်းထားပါသည်” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။
မြောက်ကိုရီးယားက ဟွာဆောင်း-၁၁ အမျိုးအစား တိုက်ချင်းပစ် ဒုံးကျည်များနှင့် ကျည်များကို ၆၀၀ မမ အရွယ်အစားရှိ ဒုံးကျည်အများအပြားပစ်လွှတ်နိုင်သော ပစ်စင်တို့မှ အကြိမ်ကြိမ် ဆက်တိုက် ပစ်လွှတ်ခဲ့ပုံရကြောင်း သတင်းရင်းမြစ်များက ပြောကြားကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ တောင်ဘက်ကျွန်းဖြစ်သော ဂျေဂျူးကျွန်း၏ အရှေ့နှင့် တောင်ဘက်ရှိ နိုင်ငံတကာရေပြင်တွင် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့က ငါးရက်ကြာ “Freedom Edge” စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ညွှန်ကြားချက်အရ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော Ulchi Freedom Shield (UFS) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လက လျှော့ချပြုလုပ်ခဲ့သော်လည်း ယခုလေ့ကျင့်မှုကိုမူ စီစဉ်ထားသည့်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြသည်။
မြောက်ကိုရီးယားဘက်သို့ ချစ်ကြည်ရင်းနှီးမှု ပြသသည့်အနေဖြင့် ထရမ့်ပ်က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ညွှန်ကြားခဲ့ပြီး ထိုလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားရုံသာမက မြောက်ကိုရီးယားအတွက် လုံးဝမသင့်လျော်ဘဲ ရန်လိုသော သတင်း စကား ပေးပို့ရာရောက်သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်တပ်သည် ဒုံးကျည်များ ထပ်မံပစ်လွှတ်လာနိုင်ခြေကို စောင့်ကြည့်ထောက်လှမ်းမှု များ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အမေရိကန်နှင့် ဂျပန်တို့ထံ သက်ဆိုင်ရာအချက်အလက်များကို မျှဝေပေးကာ အမြင့်ဆုံးအဆင့် သတိရှိမှု ဖြင့် အသင့်အနေအထားရှိနေကြောင်း ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ (JCS) က ပြောကြားခဲ့သည်။
Ref; Yonhap
