သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်တွင် ဆီရမ်ရိ (Siem Reap) မြို့သို့ အထူးလေယာဥ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၁ နာရီခွဲဝန်းကျင်တွင် ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Siem Reap Angkor အပြည်ပြည်ဆိုင်ရာ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan၊ တော်ဝင်ဘုရင့်နန်းတော်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှင့် အထက်လွှတ်တော်မှ ကိုယ်စားလှယ်တို့က ဂုဏ်ပြု ကြိုဆို နှုတ်ဆက်ခဲ့သည်။
ဆီရမ်ရိမြို့တွင် နိုင်ငံတော်သမ္မတကြီးသည် ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan ၏ လာရောက်ဂါရဝပြု တွေ့ဆုံမှု ခံယူခြင်း၊ ကမ္ဘောဒီးယား ဆက်ဆံရေးဝန်ကြီး H.E. Mr. Thor Chetha နှင့် ဆီရမ်ရိ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan တို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု နေ့လယ်စာစားပွဲသို့ တက်ရောက်ခြင်းအပြင် ကမ္ဘာ့အမွေအနှစ် အန်ကောဝတ်ကျောင်းတော်အပါအဝင် ရှေးဟောင်းဘုရားစေတီပုထိုးများကို လေ့လာဖူးမြော်သွားမည်ဖြစ်ကြောင်း သိရသည်။
