၁၂.၉.၂၀၂၆
translated by Htwe Ko Tun
ပြင်သစ်နိုင်ငံမြောက်ပိုင်း ရွန် Rouen နှင့် ကင်န် Caen မြို့များကြားတွင် ပြေးဆွဲနေသည့် ခရီးသည် ၁၈၀ လိုက်ပါလာသောရထားတစ်စင်းသည် မြို့နှစ်မြို့အကြား နော်မန်ဒီဒေသရှိ ကလီယွန်မြို့ Cleon အနီးတွင် စက်တင်ဘာလ ၁၁ ရက် ညကလမ်းချော် တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ည ၇ နာရီခွဲခန့်တွင် ရထားတွဲတစ်တွဲ မှောက်လဲသွားခဲ့ပြီး နောက်ထပ်ရထားတွဲ ၄ တွဲ လမ်းချော်ခဲ့ကြောင်း ပြင်သစ်ရုပ်သံလိုင်း BFMTV က သတင်းဖော်ပြခဲ့သည်။
ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး ခရီးသည် ၄၃ ဦးမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သူ အမျိုးသမီးကို ရဟတ်ယာဉ်ဖြင့် ရွန်မြို့ရှိ တက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာမရရှိသူ ခရီးသည်များကိုမူ ကလီယွန်မြို့ မြို့တော်ခန်းမသို့ ပို့ဆောင်ခဲ့သည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖိလစ် တာဘာရော့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ ကို ဖြစ်စဉ်နေရာသို့ စေလွှတ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အမည်မသိ အရာဝတ္ထုတစ်ခုကို တိုက်မိပြီးနောက် ရထားလမ်းချော်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ပြင်သစ်ရထားလုပ်ငန်းကုမ္ပဏီ SNCF က မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာတစ်ခု၏ ကိုးကားဖော်ပြချက်အရ ရထားတွဲပြတင်းပေါက်များ ကွဲအက်ခဲ့ပြီး မှန်ကွဲစများ၊ ရထားပေါ်ရှိ ပစ္စည်းများကြောင့် လူများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် ပြည်သူ့ရှေ့နေရုံးက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Ref; Sky News
