သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်တွင် ဆီရမ်ရိ (Siem Reap) မြို့သို့ အထူးလေယာဥ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
ဆီရမ်ရိမြို့သို့ ဦးတည်ထွက်ခွာရန် တီချိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ရေအရင်းမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီး H.E. Mr. THOR Chetha (ခရီးစဉ်တာဝန်ခံဝန်ကြီး)၊ တော်ဝင်ဘုရင့် နန်းတော်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ အထက်လွှတ်တော်မှ ကိုယ်စားလှယ်၊ အမျိုးသားနှင့် နိုင်ငံတကာ ပွဲတော်များ ကျင်းပရေးကော်မတီ ကိုယ်စားလှယ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် သံတမန်ရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ခမည်းတော်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK “PREAH BOROM RATANAK KAUDH”၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် အထက်လွှတ်တော်ခန်းမတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့် နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲ ပြုလုပ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေးခဲ့သည့်အပြင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech Maha Rathsapheathika Thipadei Khuon Sudary နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အနေ ယနေ့နံနက်တွင် ဖနွမ်းပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အားဖူးမြော်ကြည်ညိုခဲ့သလို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားမှုနှင့် အသစ်တည်ဆောက်မည့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမြေနေရာသို့ သွားရောက်ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
