နေမိုး
၂၁. ၈. ၂၀၂၆
ဗကသအဖွဲ့ဝင် မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဘဝမှ လက်နက်ကိုင်သွားသော ညီညီမင်းထက်ဝေမှာ မနေ့က ဦးနှောက်သွေးကြောပေါက် သေဆုံးသွားသည်ဟု သတင်းရရှိသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ၇ ကြိမ်မြောက် ညီလာခံတွင် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပညာရေးဆိုင်ရာ တွဲဘက်အတွင်းရေးမှူးဟောင်း၊ မုံရွာပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရဲဘော်ညီညီမင်းထက်ဝေ(ခ) ထွန်းတောက်သည် ဩဂုတ် ၂၀ ရက်တွင် သေဆုံးသွားသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ဝမ်းနည်းမှုက ဖော်ပြသည်။

တောတွင်းတစ်နေရာ၌ ယမန်နေ့နံနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်သွားသော ညီညီမင်းထက်ဝေအား မန္တလေးမြို့သို့ တင်ပို့ကုသရန် ကြံစည်သော်လည်း လမ်းခုလတ်တွင်ပင် သေဆုံးသွားသည်ဟုလည်း သိရသည်။
မုံရွာပညာရေးကောလိပ် ကျောင်းသားဘဝမှ NLD/NUG ထောက်ခံသည့်ဘက်ကူးကာ လက်နက်ကိုင်သွားသော ညီညီမင်းထက်ဝေမှာ သေဆုံးချိန်တွင် ၂၆ နှစ်အရွယ်သာရှိသေးကြောင်းလည်း သိရသည်။
