သတိုး
၂၁. ၈. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ် (Alaska) အနောက်ပိုင်းရှိ အလှမ်းဝေးသည့်နေရာများအထိ ထောက်လှမ်းနိုင်သော ရေဒါစခန်းအနီးတွင် စင်းလုံးငှား (Charter) လေယာဉ်တစ်စီး ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်ပါရှိသူ ၈ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဖက်ဒရယ် လေကြောင်းဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Cessna 441 အမျိုးအစား အဆိုပါ လေယာဉ်သည် အန်ကာရေ့ဂျ် (Anchorage) မြို့မှ ထွက်ခွာလာပြီး အနောက်တောင်ဘက် မိုင် ၄၅၀ အကွာရှိ နယူးဝမ်ဟမ်အငူ (Cape Newenham) သို့ ဦးတည်ပျံသန်းစဉ် ကြာသပတေးနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဦးတည်စခန်းသို့ မရောက်မီ အနီးဝန်းကျင်၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေးဦးစီးဌာန (FAA) ၏ ကနဦး သတင်းအချက်အလက်များအရ သိရသည်။
အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) ၏ အလက်စကာဒေသဆိုင်ရာ အကြီးအကဲ ကလင့်တ် ဂျွန်ဆင် (Clint Johnson) က Security Aviation ကုမ္ပဏီမှ ပြေးဆွဲသည့် အဆိုပါ စင်းလုံးငှားလေယာဉ်ပေါ်တွင် လေသူရဲ နှစ်ဦးနှင့် ခရီးသည် ခြောက်ဦး ပါဝင်ကြောင်း Associated Press သို့ ပြောကြားခဲ့သည်။
အလက်စကာ စစ်ဌာနချုပ် (Alaskan Command) က အဆိုပါ လေယာဉ်သည် ဝန်ထမ်း ၈ ဦးကို တင်ဆောင်လာသည့် အရပ်ဘက်က ငှားရမ်းလာသော လေယာဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များက နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အတည်ပြုခဲ့သည်။
အမေရိကန် စစ်အင်ဂျင်နီယာတပ်ဖွဲ့ (USACE) ၏ အလက်စကာဒေသရုံးက ၎င်းတို့ ငှားရမ်းထားသည့် လေယာဉ်တစ်စီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းနှစ်ဦးလည်း သေဆုံးသူများထဲတွင် ပါဝင်ကြောင်း ထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။
လေယာဉ်သည် အဝေးထောက်လှမ်း ရေဒါစခန်းသို့ သွားရောက်နိုင်သည့် လေတပ်ပိုင် ပြေးလမ်းတစ်ခုဖြစ်သော Cape Newenham လေဆိပ်၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ လတ်တလော မသိရှိရသေးပေ။
အဆိုပါ ဖြစ်စဉ်ကို FAA နှင့် NTSB တို့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး NTSB က အဓိက ဦးဆောင် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း FAA က ပြောကြားခဲ့သည်။
Cape Newenham စခန်းသို့ စစ်ဘက်ဆိုင်ရာ လေယာဉ်များနှင့် ခွင့်ပြုချက်ရ စင်းလုံးငှားလေယာဉ်များသာ ဆင်းသက်ခွင့်ရှိသည်။
FAA မြေပုံများအရ အလျား ပေ ၄,၀၀၀ နီးပါးရှိသော ကျောက်စရစ်ခင်း ပြေးလမ်းသည် ပေ ၂,၃၀၀ ကျော် မြင့်သည့် တောင်စောင်းပေါ်တွင် တည်ရှိသည်။ ပြေးလမ်း၏ ဘေးတစ်ဖက်တစ်ချက်နှင့် တောင်ဘက်စွန်းတို့တွင် မြင့်မားသော တောင်ကုန်းတောင်တန်းများ ရှိနေသဖြင့် မဖြစ်မနေ ပြန်လည်ပျံတက်ရန် ကြိုးပမ်းပါက အချို့နေရာများတွင် မဖြစ်နိုင်သလောက် နီးပါးဖြစ်ကြောင်း သိရသည်။
“ဒါဟာ ကျွန်တော်တို့ ရင်းနှီးရတဲ့ စစ်ဘက်ဆိုင်ရာ မိသားစုနဲ့ ကျွန်တော်တို့ အမှုထမ်းနေတဲ့ လူထုအတွက် အင်မတန် ဝမ်းနည်းဖွယ် ကောင်းတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ အရေးပါတဲ့ မစ်ရှင်တစ်ခုကို လုပ်ဆောင်နေကြတဲ့ တာဝန်ကျေ ပညာရှင်တွေ ဖြစ်ပါတယ်” ဟု အမေရိကန် လေတပ် ဒုတိယဗိုလ်ချုပ်ကြီး ရောဘတ် ဒေးဗစ် (Robert Davis) က ပြောကြားခဲ့သည်။
ဆွေမျိုးနီးစပ်များကို အကြောင်းကြားပြီးမှသာ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ အမည်များကို ထုတ်ပြန်ပေးမည်ဟု စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
“လက်ရှိမှာ ကျွန်တော်တို့ရဲ့ အဓိက အလေးပေး ဦးစားပေးကတော့ ဒီလို ဝမ်းနည်းဖွယ်အချိန်မှာ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အပြည့်အဝ ထောက်ပံ့ကူညီပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ပညာရှင်တွေရဲ့ လျင်မြန်စွာနဲ့ မနားတမ်း တုံ့ပြန်ဆောင်ရွက်မှုတွေအတွက်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ဒေးဗစ် က ပြောသည်။
အလက်စကာ ပြည်နယ် အထက်လွှတ်တော်အမတ် လီဆာ မာကောက်စကီး (Lisa Murkowski) ကလည်း X လူမှုကွန်ရက်ပေါ်တွင် ဝမ်းနည်းကြောင်း သတင်းပါးခဲ့သည်။
“ကျွန်မဟာ အလက်စကာတစ်ခွင် Security Aviation လေကြောင်းလိုင်းနဲ့ မကြာခဏ ခရီးသွားဖူးပြီး သူတို့ရဲ့ အတွေ့အကြုံရှိ လေသူရဲ အများအပြားနဲ့လည်း တွေ့ဆုံဖူးပါတယ်။ အခင်းဖြစ်ပွားရာကို သွားရောက်တုံ့ပြန်ပေးကြတဲ့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့၊ NTSB၊ အလက်စကာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်းရေးစခန်းတို့ကို ကျေးဇူးတင်ပါတယ်။ အလက်စကာပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ လေယာဉ်ပေါ်ပါရှိသူတွေ၊ သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ Security Aviation က ဝန်ထမ်းတွေအတွက် ဆုတောင်းပေးနေပါတယ်” ဟု မာကောက်စကီး က ရေးသားခဲ့သည်။
Security Aviation ကုမ္ပဏီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် “မိမိတို့၏ Cessna Conquest လေယာဉ်အုပ်စုသည် ရာသီဥတုနှင့် လေဆိပ် ပတ်ဝန်းကျင် စိန်ခေါ်မှုများပြားသည့် အလက်စကာ ခရီးစဉ်များအတွက် အလွန်ပင် သင့်လျော်ပါသည်” ဟု ဖော်ပြထားသည်။
ယင်းအင်ဂျင်နှစ်လုံးတပ် Turbo-prop လေယာဉ်များသည် လေဖိအားထိန်းစနစ် ပါဝင်ပြီး ခရီးသည် ၉ ဦးအထိ တင်ဆောင်နိုင်ကာ အမြင့်ပေ ၂၈,၀၀၀ တွင် တစ်နာရီလျှင် မိုင် ၃၃၀ နှုန်းဖြင့် ပျံသန်းနိုင်ကြောင်း ကုမ္ပဏီက ဆိုသည်။
Ref: CNN
