၂၁.၈.၂၀၂၅.
Translated by Htwe Ko Tun
အီတလီနိုင်ငံ မော်တော်ကားလုပ်ငန်းအသင်း ဖြစ်သော UNRAE မှ ရရှိသည့် အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း အီတလီနိုင်ငံတွင် တရုတ်နိုင်ငံလုပ် လျှပ်စစ်စွမ်းအင် BYD ခရီးသည်တင်ကား ၃၃,၉၇၃ စီး မှတ်ပုံတင်ခဲ့ရာ ယခင်နှစ်ထက် ၁၉၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း တွေ့ရပြီး ၎င်း၏ ဈေးကွက်ဝေစုကလည်း ၁ ဒသမ ၁၈ ရာခိုင်နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့မြင့်တက်လာ ကြောင်း သိရသည်။
တရုတ် မော်တော်ကားထုတ်လုပ်သူများသည် အီတလီနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ကားဈေးကွက်တွင် ယှဉ်ပြိုင်မှုစျေးနှုန်းများပြုလုပ်ခြင်း၊ မော်ဒယ်အမျိုးအစားများ တိုးချဲ့လာခြင်းနှင့် Plug-in စွမ်းအင် နှစ်မျိူးသုံး ဟိုက်ဘရစ်ကားများ ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့် ဈေးကွက်နေရာရမှု အလျင်အမြန် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။
ဇူလိုင်လတွင်ပင် အီတလီနိုင်ငံ၌ BYD ခရီးသည်တင်ကား ၄,၄၆၆ စီး မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ်ထက် ၁၂၇ ဒသမ ၀၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဟုလည်းဆိုသည်။
လျှပ်စစ်ကားသွားလာရေးနှင့် အီတလီနိုင်ငံတွင် လျှပ်စစ်ကား ကဏ္ဍတိုးတက်မှုကို ထောက်ခံ အားပေး သည့် အီတလီအသင်းအဖွဲ့ Motus-E က ဇန်နဝါရီလမှ ဇူလိုင်လအထိ ဘက်ထရီလျှပ်စစ်ကား (BEV) ၈၆,၀၀၃ စီး မှတ်ပုံတင်ထားပြီး ယခင်နှစ်ထက် ၇၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံခဲ့သည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သူ Leapmotor ၏ T03 မော်ဒယ် ဘက်ထရီလျှပ်စစ်ကားသည် အီတလီနိုင်ငံတွင် မှတ်ပုံတင်မှု ၂၂,၃၅၃ စီး ရှိခဲ့ပြီး BEV ဈေးကွက်၏ ၂၆ ရာခိုင်နှုန်းခန့် ရှိသည်။ တစ်ချိန်တည်းမှာပင် BYD ၏ Dolphin Surf သည် ဇူလိုင်လတွင် အီတလီ၏ အရောင်းရဆုံး လျှပ်စစ် စွမ်းအင် အပြည့်အဝသုံး ကားဖြစ်လာခဲ့ပြီး မှတ်ပုံတင်မှု ၅၇၂ စီး ရှိခဲ့ကြောင်း Motus-E က ပြောကြားခဲ့သည်။



ရောမမြို့ရှိ BYD အရောင်းဆိုင်တစ်ခုတွင် အရောင်းအတိုင်ပင်ခံ ဂီယန်မာရီယာက ကုမ္ပဏီသည် မော်တော်ကားလုပ်ငန်းအတွက် အစဉ်အလာအားဖြင့် အရောင်းတိတ်ဆိတ်ငြိမ်သက်သော ကာလဖြစ်သည့် သြဂုတ်လတွင်ပင် ဖောက်သည်များထံမှ အလွန်စိတ်ဝင်စားမှုကို တွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။
BYD ကားများ၏ ဈေးနှုန်း၊ အရည်အသွေး၊ နည်းပညာနှင့် မောင်းနှင်မှုအတွေ့အကြုံ အပါအဝင် အကြောင်းရင်းများစွာက ဖောက်သည်များအား အမှတ်တံဆိပ်ကို ဆွဲဆောင်ခဲ့ခြင်းဖြစ်သည် ဟု Migliore က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အီတလီ၏ အားသွင်းစနစ် အခြေခံအဆောက်အအုံသည် အကန့်အသတ်ရှိနေသေးပြီး သုံးစွဲသူများစွာ သည် အိမ်၌အားသွင်းခြင်းကို အသုံးမပြုနိုင်သောကြောင့် Plug-in စွမ်းအင် နှစ်မျိူးသုံး ဟိုက်ဘရစ်ကားများသည် အထူးရေပန်းစားကြောင်း ၎င်းက ပြောကြားခဲ့သည်။ Atto 2 DM-i နှင့် မကြာသေးမီက မိတ်ဆက်ခဲ့သော Dolphin G DM-i တို့သည် စိတ်ဝင်စားမှု မြင့်မားသော မော်ဒယ်များထဲတွင် ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
BYD ၏ ဥရောပ ဈေးကွက်မဟာဗျူဟာတွင် အီတလီသည် အဓိက ဈေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်း BYD Europe က Xinhua သို့ ပေးပို့သော ကြေညာချက်တွင် ပြောကြားခဲ့ပြီး အီတလီ သုံးစွဲသူများသည် ကျစ်လစ်သိပ်သည်းသော၊ လက်တွေ့ကျသောနှင့် တတ်နိုင်သော ကားများကို အထူးတန်ဖိုးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အီတလီ သုံးစွဲသူများသည် ဒီဇိုင်း၊ နည်းပညာ၊ ဘေးကင်းရေးနှင့် ငွေကြေးတန်ဖိုးကို ဆက်လက် ဦးစားပေးနေစဉ်တွင် စွမ်းအင်သစ်ကားများကို ပိုမိုစိတ်ဝင်စားလာကြောင်း BYD Europe က ပြောကြားခဲ့သည်။ အီတလီတွင် ရောင်းချသော Plug-in hybrid ကား လေးစီးတွင် တစ်စီးထက်ပိုသော ကားများသည် BYD ဖြစ်သည်ဟု ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။
Dolphin Surf ကဲ့သို့သော ကျစ်လစ်သိပ်သည်းသော မော်ဒယ်များ၏ အောင်မြင်မှုသည် လက်တွေ့ကျသော၊ လက်လှမ်းမီသောနှင့် မြို့ပြနေ့စဉ်အသုံးပြုမှုအတွက် သင့်တော်သော လျှပ်စစ်ကားများဆီသို့ ပြောင်းလဲမှုကို ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဥရောပတွင် ကားများ ရောင်းချရန်သာမက ဥရောပ မော်တော်ကား ဂေဟစနစ်တွင် ရေရှည်ပါဝင်သူ ဖြစ်လာရန်ဖြစ်သည်” ဟု BYD Europe က ပြောကြားခဲ့ပြီး ဒေသအလိုက် လိုက်လျောညီထွေဖြစ်မှုသည် ၎င်း၏ ဥရောပ ဈေးကွက်မဟာဗျူဟာ၏ အရေးကြီးသော အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ဥရောပ၏ မော်တော်ကားလုပ်ငန်းသည် လျှပ်စစ်ဓာတ်အားစနစ်သို့ ကူးပြောင်းမှုကို အရှိန်မြှင့်တင်လာသည် နှင့်အမျှ နည်းပညာ၊ ထုတ်လုပ်မှု၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့တွင် တရုတ်နှင့် ဥရောပ မော်တော်ကားမိတ်ဖက်များအကြား ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကိုလည်း ၎င်းက ထောက်ပြခဲ့သည်။
Ref- Xinhua
