နေမိုး
၂၁. ၈. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူများ ဘောလုံးကစားနေသည့်နေရာသို့ PDF များက Drop Bomb များ ပစ်ချခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNU/KNLA နှင့် ယင်းတို့ထိန်းချုပ်ထားသော PDF လက်နက်ကိုင် အကြမ်းဖက်များ ကြီးစိုးရာ အဆိုပါနယ်မြေတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုမှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၅)ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(ဇီးပြောင်း-၅) အနီး ဘောလုံးကွင်း၌ ကျေးရွာနေပြည်သူများမှ ဘောလုံးကစားနေစဉ် PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘောလုံးကွင်းအတွင်း ရောက်ရှိနေကြသည့် ကျေးရွာနေပြည်သူများဖြစ်ကြသော မောင်ချစ်လင်းအောင်(၅)နှစ်တွင် ဦးခေါင်းပွင့် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်သူရိန်ထွန်း(၁၈)နှစ်၊ မောင်အာကာ(၁၉)နှစ်၊ မောင်ရှိုင်းလင်းထက်(၁၇)နှစ်၊ ဒေါ်အိ(၃၀)နှစ်၊ ဒေါ်နှင်းယုထွေး(၃၂)နှစ်၊ မောင်နေလင်းအောင်(၁၉)နှစ်၊ မောင်စောခွန်ဆန်း(၁၆)နှစ်၊ ဦးထွန်းလင်းဦး(၃၆)နှစ်၊ မောင်မင်းသက်ပိုင်(၁၇)နှစ်၊ မောင်ဇင်မျိုးပိုင်(၁၀)နှစ်နှင့် ဦးသန့်ဇင်ဦး(၃၁)နှစ်တို့ ၁၁ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကလေးငယ် တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
