◾️ ဘယ်လာရုစ်ထုတ်ကုန်များ မြန်မာနိုင်ငံထံ ရောင်းချဖို့သာမက ဖက်စပ်လုပ်ငန်းများတည်ထောင်ရန်နှင့် လွှဲပြောင်းပေးမည့် နည်းပညာများအတွက် လေ့ကျင့်သင်ကြားပေးရန်ပါ ပြင်ဆင်ထားကြောင်း လူကာရှန်ကို ပြောကြား
သတိုး
၂၁. ၈. ၂၀၂၆
ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနန်းတော်သို့ ရောက်ရှိလာခဲ့ရာ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့သလို အလေးအမြတ်ထားသော နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့်အလေ့အထအတိုင်း ကော်ဇောနီခင်းကြိုဆိုမှု၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် စောင့်ကြိုဂုဏ်ပြု စစ်ဆေးမှုစသည့် ခမ်းနားထည်ဝါသော ကြိုဆိုပွဲ အခမ်းအနားဖြင့် ကျင်းပကြိုဆိုခဲ့သည်။

ယနေ့ တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့ ခြောက်ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်ပြီး နှစ်နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံပွဲအပြီးတွင် ၂၀၂၆-၂၀၂၈ ခုနှစ်အတွင်း ဘယ်လာရုစ်- မြန်မာ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောရရင် ဒါဟာ အရင်းအမြစ်နဲ့ သယံဇာတ ကြွယ်ဝပြီး ကြီးမားတဲ့ အနာဂတ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ကျွန်တော် တစ်ချိန်က ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူဦးရေဘယ်လောက်ရှိလဲဆိုတာကို ကျွန်တော် အကြောင်းမဲ့ ပြန်မေးခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဘယ်လာရုစ်ထက် ၅ ဆ ပိုများပါတယ်။ ဒါဟာ လူတွေရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတဲ့ ကြီးမားတဲ့ ပမာဏဖြစ်ပြီး မနေ့က ကျွန်တော်ပြောခဲ့သလိုပဲ ဒီလူတွေကို စားနပ်ရိက္ခာနဲ့ အဝတ်အထည် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုနေရာမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လာရုစ်ကို အားကိုးအားထား ပြုနိုင်ပါတယ်”ဟု ဘယ်လာရုစ်သမ္မတက ပြောကြားသည်။






ထို့အပြင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများအတွက် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်တွင် ကူညီပေးရန်၊ သင်ကြားပေးရန်နှင့် လိုအပ်သမျှ ထောက်ပံ့ပေးရန် နည်းပညာ အစုံအလင် ရှိကြောင်း လည်း လူကာရှန်ကိုက “ကျွန်တော်တို့ ထုတ်ကုန်တွေကို မြန်မာနိုင်ငံထံ ရောင်းချဖို့တင်မကဘဲ မြန်မာလုပ်ငန်းရှင်တွေ စိတ်ဝင်စားတဲ့ ကဏ္ဍတွေမှာ ဖက်စပ်လုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကျွန်တော်တို့ လွှဲပြောင်းပေးမယ့် နည်းပညာတွေအတွက် ကျွမ်းကျင်သူတွေကို လေ့ကျင့်သင်ကြားပေးဖို့ ပါ ပြင်ဆင်ထားပါတယ်”ဟု အတည်ပြု ပြောကြားခဲ့သည်။
