MT News
၂၁.၈. ၂၀၂၆
ရေတစ်ယူနစ် (လီတာ ၁၀၀၀) လျင် အနိမ့်ဆုံး ကျပ် ၃၃၀ မှ အမြင့်ဆုံး ၁၃၂၀ အထိ ကောက်ခံမည်ဖြစ်ပြီး ရေမီတာပျက်စီး၊ ပျောက်ဆုံး၊ တပ်ဆင်ထားခြင်း မရှိသော ရေဆက် သွယ်မှုများအား အခြေခံရေသုံးစွဲမှု၏ ၆ ဆ ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ (YCDC) က ကြေညာထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တော်အား သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ရန်၊ ရေလေလွင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်၊ ရေသုံးစွဲမှုအား စီမံခန့်ခွဲထိန်းချုပ်နိုင်ရန်၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေရန်၊ ရေသုံးစွဲသည့် ပမာဏအတိုင်း ပေးဆောင်ရသည့် တရားမျှတသော ရေဖိုးရေခ ကောက်ခံမှုစနစ် ဖြစ်စေရန်နှင့် ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ် ရေရှည်တည်တံ့စေရန် ရည်ရွည်၍ နိုင်ငံတကာတွင် ကျင့်သုံးကောက်ခံနေသော ရေဖိုးရေခ ကောက်ခံမှုစနစ်များ ဖြစ်သည့် Basic Rate (အခြေခံ ရေဖိုးရေခ ကောက်ခံမှု စနစ်) နှင့် Progressive Water Tariff(သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေ စနစ်) တို့ကို ကျင့်သုံးကောက်ခံလျက် ရှိသည်။

ထို့ကြောင့် Basic Rate (အခြေခံရေဖိုးရေခကောက်ခံမှုစနစ်) အနေဖြင့် အိမ်သုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၁၀ ယူနစ်ဖြင့်လည်းကောင်း၊ စီးပွားသုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၂၀ ယူနစ် ဖြင့်လည်းကောင်း၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၃၀ ယူနစ် ဖြင့်လည်းကောင်း ကောက်ခံသွားမည် ဖြစ်သည်။ အဆိုပါ အခြေခံရေသုံးစွဲမှု ပမာဏမှာ ရေသုံးစွဲသူပြည်သူများ မဖြစ်မနေ ပေးဆောင်ရမည့် အနည်းဆုံးပမာဏ ဖြစ်သည်ဟု YCDC က ကြေညာသည်။
ထို့အပြင် မည်သည့်ရေသုံးစွဲမှု အမျိုးအစားမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိသော ရေဆက်သွယ်မှုများအား အခြေခံရေသုံးစွဲမှု၏ ၆ ဆ ကောက်ခံသွားမည် ဖြစ်မည်။ ထိုသို့ ကောက်ခံရခြင်းမှာ တရားမဝင် ရေသုံးစွဲမှုများနှင့် ရေလေလွင့် ဆုံးရှုံးမှုများအား လျော့ချနိုင်ရန် ရည်ရွယ်ပြီး ရေသုံးစွဲသူ ပြည်သူများအနေဖြင့် မိမိသုံးစွဲသည့် ရေပမာဏနှင့် ညီမျှသည့် ရေဖိုးရေခအား ပေးဆောင်နိုင်ရန်အတွက် တပ်ဆင်သုံးစွဲလျှက် ရှိသော ရေမီဝာာများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ရေမီတာ တပ်ဆင်ထားခြင်း မရှိပါက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ရှိ မြို့နယ် ရေ/သန့်ရုံးသို့ ဆက်သွယ်ကာ အမြန်ဆုံး တပ်ဆင်ပေးကြရန် YCDC က တိုက်တွန်း အကြံပေးထားသည်။
ထို့အတူ ရေဖိုးရေခ နှုန်းထားအနေဖြင့် တစ်ယူနစ်လျှင် နိုင်ငံသား (အိမ်သုံး) အတွက် ၃၃၀ ကျပ်နှုန်း၊ နိုင်ငံသား (စီးပွားသုံး) အတွက် ၅၅၀ ကျပ်နှုန်း၊ နိုင်ငံသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၆၆၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (အိမ်သုံး) အတွက် ၈၈၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (စီးပွားသုံး) အတွက် ၁၁၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၁၃၂၀ ကျပ်နှုန်း ဖြင့် အသီးသီး သတ်မှတ်ကောက်ခံသွားမည် ဖြစ်သည်။ Progressive Water Tariff (သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေ စနစ်) အနေဖြင့် မည်သည့် နိုင်ငံသား ရေသုံးစွဲမှု မဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ၅၅၀ ကျပ်နှုန်းနှင့် ၆၀ ယူနစ်အထက် သုံးစွဲပါက ၆၆၀ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး မည်သည့် နိုင်ငံခြားသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ၁၁၀၀ ကျပ်နှုန်းနှင့် ၆၀ ယူနစ် အထက် သုံးစွဲပါက ၁၃၂၀ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။ ထိုသို့ကောက်ခံခြင်းဖြင့် ရေကို ချွေတာ သုံးစွဲသည့် အလေ့အကျင့် ရရှိစေမည်ဖြစ်ပြီး ရန်ကုန်မြို့အား ရေပိုမို လွှမ်းခြုံပေးဝေနိုင်မည် ဖြစ်သဖြင့် YESC မှလည်း လက်ရှိ ကျင့်သုံးနေသည့် စနစ်ဖြစ်သည် YCDC က ဆိုသည်။
ထိုသို့ကောက်ခံခြင်းမှာ ရန်ကုန်မြို့အား သောက်သုံးရေ ပုံမှန်ပေးဝေနိုင်ရန် ရေသန့်စင်မှုစနစ်တွင် လိုအပ်သော ဓာတုပစ္စည်းများအတွက် ကုန်ကျစရိတ်၊ ရေသန့်စင်စက်ရုံများနှင့် ရေတွန်းစက်ကြီးများ လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အားခနှင့် ပြုပြင် ထိန်းသိမ်းစရိတ်၊ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်များ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းလစာတို့ကို ကျခံအသုံးပြုနေရ၍ ဖြစ်ပြီး လက်ရှိရေဖိုးရေခဝင်ငွေမှာ လျှပ်စစ်ဓာတ်အားခကိုသာ ကာမိယုံရှိသည်ဟုလည်း ပြောသည်။
သို့ဖြစ်ပါ၍ ရေလေလွင့် ဆုံးရှုံးမှုများ လျော့ချနိုင်ရန်နှင့် ရေဖိုးရေခများ ဆုံးရှုံးမှုမရှိဘဲ အပြည့်အဝ ကောက်ခံ ရရှိနိုင်ရန် ရေသုံးစွဲသူပြည်သူများမှ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် ရန်ကုန်မြို့ ရေပေးဝေရေး စနစ်အား ရေရှည်တည်တံ့ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးနှင့် ရေပေးဝေရေး ဝန်ဆောင်မှုများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် တစ်တပ်တစ်အား ကူညီရာ ရောက်မည်ဖြစ်ကြောင်းလည်း သုံးသပ်တင်ပြထားသည်။

