MT News
၂၁. ၈. ၂၀၂၆
ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ခြင်ဆီအစားထိုးကုသမှုများကို ပြည်တွင်း၌ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် ပြည်သူ ၁၀၃ ဦးအား ခြင်ဆီအစားထိုး ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန(Bone Marrow Transplant Center)တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှ ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်းလူနာလေးဦးတို့ကို ခြင်ဆီအစားထိုးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဩဂုတ်လဆန်းတွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့ ပံ့ပိုးမှုဖြင့် သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိစေရေးအတွက် အဆင့်မြင့်ကုသမှုများကို ပြည်တွင်း၌ ရရှိစေရေး ဆောင်ရွက်လျက်ရှိရာ သွေး/ ခြင်ဆီကင်ဆာရောဂါလူနာများအတွက် ခြင်ဆီအစားထိုးကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သွေးခြင်ဆီပင်မကလာပ်စည်းအစားထိုးကုသမှု (Haematopoietic Stem Cell Transplant – HSCT) ကို ၂၀၁၄ ခုနှစ်မှစတင်၍ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ သွေးကင်ဆာလူနာများအား ကုသရာတွင် အသုံးပြုနိုင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ ဆောင်ရွက်နိုင်ခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင်တစ်ဦး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန် ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ရှစ်ဦး စုစုပေါင်းလူနာ ၃၃ ဦးကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်းလူနာ ၂၁ ဦး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ၂၀၂၃ ခုနှစ်တွင် ငါးဦး၊ ၂၀၂၄ ခုနှစ်တွင် ၁၉ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၉ ဦး၊ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ခြောက်ဦး စုစုပေါင်း ၇၀ ကို ကုသပေးခဲ့ပြီးဖြစ်သည်။ သွေး/ခြင်ဆီကင်ဆာလူနာများအနေဖြင့် ပြည်တွင်း၌ပင် ကျန်းမာရေးကုန်ကျစရိတ် သက်သာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ခြင်ဆီအစားထိုးကုသမှုများကို ပြည်တွင်း၌ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
