◾️ ဘယ်လာရုစ်နိုင်ငံတွင် တိုးတက်နေသည့် မောင်းသူမဲ့လေယာဉ် တည်ဆောက်ရေး ကိစ္စရပ်များ၊ ဂြိုဟ်တု အသေးစားများ တည်ဆောက်ရေးနှင့် ဂြိုလ်တုကို အသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးချနိုင်ရန် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများကို ချဲ့ထွင်ပေးရန် အခွင့်အလမ်းများ ပေးအပ်နိုင်ရေးကိုလည်း မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် တောင်းဆို
MT News
၂၁. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich တို့သည် ဩဂုတ် ၂၁ ရက်၊ ဒေသစံတော်ချိန် နေ့လည် ၃ နာရီတွင် မင့်စ်မြို့ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများသည် တွေ့ဆုံပွဲကျင်းပမည့် ပညာရေးဝန်ကြီးဌာနသို့ ရောက်ရှိလာရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့်အတူ လိုက်ပါလာကြသည့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Irina Shitkovsk aya ၊ အဆင့်မြင့်ပညာရေးဌာန အကြီးအကဲ Dutina Alina Alexandrovna ၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဌာန အကြီးအကဲ Sheshko Nikolay Nikolaevich တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးက ယခုကဲ့သို့ အဆွေတော်တို့ လာရောက်ခြင်းသည် မိမိတို့ အဖွဲ့အစည်းနှစ်ခုအကြား အဆင့်တစ်ခုကို တက်လှမ်းခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ဆွေးနွေးမှုများ ဆက်လက်ရရှိနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ မိမိတို့ အဖွဲ့အစည်း နှစ်ခုအကြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လျက်ရှိကြောင်း၊ ပညာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အပြန်အလှန် နားလည် မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေနှင့်လည်း ယနေ့ကျင်းပပြုလုပ်သည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က မိမိတို့အဖွဲ့အား လက်ခံတွေ့ဆုံမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေး နှင့်ပတ်သက်ပြီး တက္ကသိုလ်များဖွင့်လှစ်ရာတွင် တက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသကဲ့သို့ သီးခြားဝန်ကြီးဌာနများ လက်အောက်တွင် လည်းရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ဘာသာစကားတက္ကသိုလ်များရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် နည်းပညာတက္ကသိုလ်များ၊ ကွန်ပြူတာတက္ကသိုလ်များ ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် ဆေးတက္ကသိုလ်များရှိကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များသည် ဝန်ကြီးဌာန (၃)ခုကို ကိုယ်စားပြုကြောင်း ပြောကြားသည်။
ယခု ပညာရေးဝန်ကြီး ရှင်းပြခဲ့သည့် ရန်ကုန်တက္ကသိုလ်နှင့် ဘယ်လာရုစ် State တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီ ဆိုခြင်းကိုလည်း သိရှိရကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာန အချင်းချင်းလည်း လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်သည်ဟု သိရှိရသည့်အတွက် မိမိတို့ဘက်ကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောကြားသည်။
ထို့နောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က မိမိတို့အား ဖိတ်ခေါ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများအား ကြားသိခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် သိပ္ပံပညာရပ်များတွင်သာမက အာကာသနည်းပညာနှင့် ဂြိုဟ်တု အသုံးချသည့် လုပ်ငန်းများတွင် တိုးတက်မှုများစွာ ရရှိနေသည်ကိုသိရှိရကြောင်း၊ မိမိတို့ မြန်မာ အာကာသအေဂျင်စီ အနေနှင့် Belarusian State University နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ ဘယ်လာရုစ်နိုင်ငံ သမ္မတကြီး မိမိတို့နိုင်ငံကို ခရီးစဉ်လာရောက်ချိန်ကလည်း မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြားတွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြောကြားသည်။
ထိုအချိန်က ဘယ်လာရုစ်နိုင်ငံ သမ္မတကြီးသည် မိမိတို့ နှစ်နိုင်ငံအကြားတွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် ကန့်သတ်မှု၊ တားမြစ်ထားမှု တစ်စုံတရာ လုံးဝမရှိဘဲ ပူးပေါင်းဆောင်ရွက်တွင် ပွင့်ပွင့်လင်းလင်း လုပ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံ၏ အာကာသအေဂျင်စီနှင့် Belarusian State University နှင့် ယခု ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ရန်ရှိပါကြောင်း၊ အဆွေတော် ဝန်ကြီးအနေနှင့် ဘယ်လာရုစ်နိုင်ငံတွင် တိုးတက်နေသည့် သိပ္ပံနှင့် နည်းပညာ ဘာသာရပ်များ၊ မောင်းသူမဲ့လေယာဉ် တည်ဆောက်ရေး ကိစ္စရပ်များ၊ ဂြိုဟ်တု အသေးစားများ တည် ဆောက်ရေးနှင့် ဂြိုလ်တုကို အသုံးချပြီး စိုက်ပျိုးရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးချနိုင်ရန် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများကို ချဲ့ထွင်ပေးရန်အခွင့်အလမ်းများ ပေးအပ်နိုင်ရေး တောင်းဆိုလိုကြောင်းလည်း မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းက မိမိတို့ကို ယခုလို အချိန်ပေးပြီး တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသည် အဓိကအားဖြင့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပြူတာ တက္ကသိုလ်များရှိပြီး ယင်းတက္ကသိုလ်များတွင် အဏုမြူနှင့်ပတ်သက်သည့် ဘာသာရပ်များ သင်ကြားနေခြင်းများရှိသကဲ့သို့ အာကာသနည်းပညာနှင့်ပတ်သက်ပြီးလည်း သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင်အသက်မွေးဝမ်းကြောင်းမှုပညာနှင့် ပတ်သက်သည့် နည်းပညာကျောင်းများနှင့် သက်မွေးပညာကောလိပ်များလည်း သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်တွင်ရှိကြောင်း၊ မိမိတို့နိုင်ငံကိုလည်း လာရောက်လည်ပတ်ရန်အတွက် ဖိတ်ခေါ် လိုပါကြောင်း ပြောကြားသည်။
ထို့နောက်တွင် အပြန်အလှန် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့်အတူ လိုက်ပါလာကြသည့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများသည် Belarusian State University သို့ သွားရောက်လေ့လာခဲ့ရာ Belarusian State University မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့်အတူ လိုက်ပါလာကြသည့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများသည် Belarusian State University ၏ ပထမ ဒုတိယအဓိပတိ Dmitry Miroslavovich Kurlovich ၊ သိပ္ပံနှင့် သုတေသနလုပ်ငန်း ဆိုင်ရာ ဒုတိယအဓိပတိ Andrey Viktorovich Blokhin နှင့် တာဝန်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့်အတူ လိုက်ပါလာကြသည့် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ နေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများသည် Belarusian State University အတွင်းရှိ စမ်းသပ်ခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။



