photo - Crd

၁၁. ၃. ၂၀၂၃
Written by Ye Kyaw

ဘတ်ဈေးနှုန်း အနည်းငယ်ကျဆင်းလာသဖြင့် လက်ရှိတွင် မြဝတီနယ်စပ်မှ သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ငွေလဲလှယ်နှုန်း တစ်ဘတ်လျှင် ၈၈ ကျပ်ဝန်းကျင်ရှိပြီး မတ်လ ၁၁ ရက် (ယနေ့) တွင် ရောင်းဈေး တစ်ဘတ်လျှင် ၈၃ ကျပ်ကျော်နှင့် ဝယ်ဈေး ၈၂ ဒသမ ၈ ကျပ်ရှိသည့်အတွက် တစ်လကျော်အတွင်း ဘတ်ဈေးနှုန်း ငါးကျပ်ဝန်းကျင် ကျဆင်းခဲ့ကြောင်း ပြည်တွင်းရှိ Money Changer များ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းများအရ သိရသည်။

“အခုက ဘတ်ဈေးကျတယ်။ ကျတယ်ဆိုပေမဲ့ အများကြီးမဟုတ်ဘူး။ သုံးကျပ်၊ လေးကျပ်လောက် ကျတာက ဘာမှအရမ်းကြီးမသိသာဘူး။ ဒါပေမဲ့ ကျွန်မတို့ဆိုရင်တော့ ‌ဖောက်သည်အမာခံတွေရယ်၊ များများယူတဲ့သူတွေ သူတို့တွေကို နည်းနည်းဈေးလေးလျှော့ပေးလို့ရတယ်။ အရင်တစ်သောင်းကျော်ကျော်ရှိတာတွေက အခုတစ်သောင်းအောက်ချပြီး ပေးနိုင်လောက်တဲ့ အနေအထားလေးတွေတော့ရှိတယ်” ဟု ဆပ်ပြာကုန်ကြမ်းတင်သွင်းနေသူတစ်ဦးက ပြောသည်။

အများဆုံးတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကားအပိုပစ္စည်း၊ ထုပ်ပိုးပစ္စည်းများ၊ ယာဥ်/ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ရုံသုံးပစ္စည်းများ၊ စက်ဆီ/ချောဆီ၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ သစ်သီး၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် အခြားပစ္စည်းတို့ကို တင်သွင်းနေခြင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအတွင် ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများအား တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် မြဝတီနယ်စပ်မှ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်နှင့် ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၆၈၀ ကျော်ရှိပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်ရှိကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *