၂၀၁၉ ခုနှစ်က ဆုရွေးချယ်ခဲ့စဉ်

၁၁.၃. ၂၀၂၃
Written By Thandar

၂၀၁၉ ခုနှစ်၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တို့ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆုဗန်းကိုင်အကယ်ဒမီရွှေကြိုတွေကို ခေါ်ယူနေပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။

“ရွှေကြိုက ၂၀၁၉ အတွက် ရွေးချယ်ထားတာ ရှိတယ်။ ဒါပေမယ့် ကြာသွားပြီဖြစ်တဲ့အတွက် တချို့တွေလည်း အလုပ်ဝင်တာတို့၊ တချို့တွေလည်း နာမည်ကြီးမင်းသမီး ဖြစ်တာတို့ ရှိတယ်။ အရင်ကရွေးခဲ့တဲ့ အယောက် ၂၀ စာရင်းက အစည်း အရုံးမှာ ရှိတယ်။ အဲဒီလူတွေကို ပြန်မေးပြီးတော့ ဆက်လုပ်နိုင်တဲ့သူတွေကို ပြန်လည်ခေါ်တွေ့မယ်။ မလုပ်နိုင်တော့တဲ့သူတွေနေရာမှာ အသစ်တွေကို ပြန်လည်ရွေးချယ်မယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက ပြောပါတယ်။

ရွှေကြိုနေရာအတွက် လျှောက်ထားလိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူနဲ့ အသက်၂၅ နှစ် မကျော်လွန်သူ အမျိုးသား၊ အမျိုးသမီး (အိမ်ထောင်မရှိ) သူ သတ်မှတ်ထားပြီး အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ၂၀၁၉ ခုနှစ် ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တို့ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ဆုဗန်းကိုင်ဆောင်ဖို့အတွက် အကယ်ဒမီ ရွှေကြို အမျိုးသား၊ အမျိုးသမီး‌တွေကို ခေါ်ယူထားပြီး အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွှေကြိုကြီးကြပ်မှုကော်မတီကနေ စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

လျှောက်လွှာ‌‌တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းမှာရယူပြီး မတ်လ ၁၃ ရက်ကနေ ၂၄ ရက်အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

၂၀၂၀ တုန်းကလည်း မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်အမည်နဲ့ ပြိုင်ပွဲပြု လုပ်ပြီး အကယ်ဒမီ ရွှေကြိုမောင်မယ်တွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရွေးချယ်ခံခဲ့ရသူတွေကတော့ မင်းအာကာ၊ ရဲရင့်စည်သူအောင်၊ ဖြိုးထက်ဒီပိုင်၊ ပိုင်အိမ်ခ၊ မိုးမြင့်၊ ထွန်းဝီရ၊ တေဇာဖြိုး၊ ကျော်ဇင်၊ ရဲရင့်မောင်မောင်၊ မင်းကိုသန့်၊ ခြူးပြည့် အိမ်စည်၊ ယွန်းဝင့်လွှာအောင်၊ စုသဉ္ဇာဝင်း၊ ဖူးမြတ်နှင်း၊ ရွှေရည်ဝင်းထက်စံ၊ မေနန္ဒာကျော်၊ ယုယလျှမ်းဝေ၊ အိမ့်ချစ်ချစ်၊ ဟန၊ စနိုးကြည်ဖြူတို့ကို ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *