April 26, 2024

ရှမ်းနှင့် တိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ) ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၁၁.၃.၂၀၂၃
တွေ့ဆုံမေးမြန်း – ပီယ

ပါတီအမှတ်တံဆိပ်ကြောင့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီဟာ အဆိုပါ ပါတီအမည်ကနေ ရှမ်းနှင့် တိုင်းရင်းသားများပါတီလို့ အမည်ပြောင်းလဲလိုက်ပြီးနောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အပါအဝင် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ လာမဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာခဲ့တာကို တွေ့မြင်ရပါတယ်။ ဒီလိုမျိုး ကျားဖြူပါတီရဲ့ PR ရွေးကောက်ပွဲအတွက် ကြိုတင်ခြေလှမ်းပြင်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လာမဲ့ရွေးကောက်ပွဲ အခြေအနေ၊ မျှော်လင့်ချက်နဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ကျားဖြူပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းနဲ့ MT News သတင်းဌာနက တွေ့ဆုံမေးမြန်းထားတာကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

MT News – လာမယ့် ရွေးကောက်ပွဲကို ဘယ်တော့လောက် လုပ်ဖြစ်မယ်လို့ ပါတီအနေနဲ့ရော ဥက္ကဋ္ဌကြီးရဲ့ ပုဂ္ဂလိက အမြင်အရရော ဘယ်လို ထင်မြင်ချက် ရှိနေပါသလဲ။

ဦးစိုင်းအိုက်ပေါင်း – ကျွန်တော်တို့ ထင်မြင်တာတော့ သူ့သက်တမ်းက ခြောက်လသက်တမ်းတိုးလိုက်ပြီနော်။ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပုဒ်မ ၄၂၅ အရပေါ့နော်။ နောက်ထပ်သူ့မှာ တိုးပိုင်ခွင့်က နောက်ထပ် ခြောက်လ ရှိတယ်။ နောက်ထပ် ၆ လ ဆိုတော့ ကော်မရှင်ကလည်း မှတ်ပုံတင်ဖို့ နှစ်လ ပေးထားတယ်။ ရုံးဖွင့်ဖို့က ပါတီမှတ်ပုံတင်ကျပြီးတော့ ခြောက်လ။ ကျွန်တော် ကော်မရှင်ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီးပြီ။ ခြောက်လဆိုတော့ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာဆိုရင် ၆ လ ရုံး ၁၆၅ နေရာမှာ ဖွင့်ဖို့က အဲဒီလောက်။ ပါတီဝင် တစ်သိန်းဆိုရင်လည်း ဧပြီ၊ မေ၊ ဇွန် ဆိုရင် တစ်သိန်းပြည့်အောင် တင်ရမယ်။ အဲဒီတော့ ဇွန်ရယ် ခုနတုန်းက စက်တင်ဘာရယ်။ နောက် ပါတီက စည်းရုံးဖို့ နှစ်လရှိသေးတယ်။ စက်တင်ဘာပြီးရင် အောက်တိုဘာပြီး နိုဝင်ဘာ။ အဲဒီတော့ နောက်အကျဆုံးက ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ခန့်မှန်းတယ်။ ကျွန်တော်က ဗိုလ်ချုပ်မှူးကြီး မဟုတ်ဘူးလေ (ရယ်လျှက်) ကျွန်တော်က ခန့်မှန်းတာပဲ ပြောလို့ရမှာ။

MT News – နိုင်ငံတော်ရဲ့အရေးပေါ် အခြေအနေကို ထပ်ပြီးတော့ သက်တမ်းတိုးနိုင်သေးတယ်လို့ ဥက္ကဋ္ဌကြီးတို့ မြင်ပါသလား။

ဦးစိုင်းအိုက်ပေါင်း – ကျွန်တော်ကတော့ တိုးလို့ မရတော့ဘူး ထင်တယ်။ အထင်ပဲနော်။ ကျွန်တော်က နံပါတ်ဝမ်း မဟုတ်ဘူးလေ။ ကော်မရှင်က ကြေညာတဲ့ သက်မှတ်ရက်တွေအရဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် ဆိုရင် ပထမ ခြောက်လပြီးသွားပြီ။ နောက်ထပ်ခြောက်လ ဇူလိုင် ပြီးသွားပြီ။ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ၆ လ။ သဘောက ရွေးကောက်ပွဲဟာ နောက်အကျဆုံး ဒီဇင်ဘာမှာ လုပ်ရင် ဇန်နဝါရီလမှာ လွှတ်တော်ခေါ်မယ်။ လွှတ်တော်ပေါ်မယ်ဆိုရင် နောက်ဆုံးကွာ ဖေဖော်ဝါရီနဲ့ မတ်လကြားမှာ အစိုးရ ဖွဲ့မယ်။ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဖွဲ့ပြီးရင် ဧပြီလ ၁ ရက်မှာ အာဏာလွှဲလို့ ရပြီလေ။ ကျွန်တော်တို့တုန်းကလည်း ဒီအတိုင်းပဲ။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ရွေးကောက်ပွဲ ၂၀၁၀ ကို နိုဝင်ဘာလမှာ လုပ်တယ်။ ဒီဇင်ဘာလမှာ အဖြေပေါ်တယ်။ ဇန်နဝါရီလမှာ လွှတ်တော်ခေါ်တယ်။ ဖေဖော်ဝါရီလမှာ အစိုးရဖွဲ့ ဘာညာ ဘာညာလုပ်ပြီး မတ်လမှာ အဆင့်သင့်ဖြစ်နေပြီ။ ပြည်ထောင်စုအစိုးရလည်း အဆင်သင့်ဖြစ်ပြီ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရလည်း အဆင်သင့်ဖြစ်ပြီ။ ဧပြီလ ၁ ရက်ကျတော့ အာဏာလွှဲပြောင်းလိုက်တယ်။ အဲဒါ အစိုးရသစ် ဖြစ်သွားပြီ။ ကျွန်တော် ထင်မိတယ်။ ဖြစ်ဖို့လည်း များမယ်ဗျ။ ပြောရရင် ဖြစ်ဖို့လည်း ရာခိုင်နှုန်း ရှစ်ဆယ်လောက် ဖြစ်ဖို့များတယ်။

MT News – ရွေးကောက်ပွဲ ဥပဒေသစ်နဲ့ ပတ်သက်လို့ ဥက္ကဋ္ဌကြီး ဘာများ သုံးသပ်ချင်ပါသလဲဗျ။

ဦးစိုင်းအိုက်ပေါင်း – သူတို့က ဝန်ကြီးချုပ်လည်း ပြောတယ်မဟုတ်လား ပါတီတွေက ဖောင်းပွတယ် ၉၂ ပါတီ။ နိုင်တဲ့ပါတီက ၁၈ ပါတီပဲ ရှိတယ် ပြောတာကိုး။ ပါတီဖောင်းပွတာကို မကြိုက်တဲ့သဘောလေ။ လူကြီးတွေရဲ့ သဘောက အဲဒီလို။ ဒါက သူတို့က ကော်မရှင်ဥက္ကဋ္ဌလည်း အဲဒီလိုမျိုး ပြောတယ်။ ပါတီများလွန်းအားကြီးတော့လည်း သိပ်မကောင်းဘူး။ ပါတီနည်းလွန်းအားကြီးတော့လည်း သိပ်မကောင်းဘူး။ အသင့်အတင့်ရှိတာတော့ ကောင်းတာပေါ့။ (မတ်လ ၈ ရက် စာရင်းအရ) မှတ်ပုံတင်လျှောက်တဲ့ ပါတီ ၁၇ ပါတီ ရှိသွားပြီ။ တစ်ပြည်လုံးပြိုင်တာ ငါးပါတီပဲ ရှိသေးတယ်။

MT News – ရွေးကောက်ပွဲမှာ ပါတီစည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ရော ဘယ်လို မြင်ပါသလဲ ခင်ဗျာ။

ဦးစိုင်းအိုက်ပေါင်း – ပိုက်ဆံကိစ္စက တကယ်တွက်ကြည့်ရင် အကျပ်ကြီး မဟုတ်ဘူး။ ကျွန်တော်တို့ အရင်တုန်းက ပြည်နယ်ပေါ့။ ကယားရယ်၊ ရှမ်းရယ်၊ မန္တလေးရယ်၊ စစ်ကိုင်းရယ်၊ ကချင်ရယ် ငါးခု ပြိုင်တာတောင် သိန်းလေးငါးထောင်လောက် ကုန်တယ်။ ဘာလို့လဲဆို ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီကနေ ကျခံတာ။ အဲဒီလောက်တော့ လုပ်ရမှာပဲ။ အရင်းအနှီးတော့ ထည့်ရမယ်။ ပါတီလုပ်ချင်ရင် အရင်းအနှီးက မထည့်လို့ မရဘူးလေ။

MT News – မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်ဟာ ရွေးကောက်ပွဲ နည်းလမ်းသာ ဖြစ်တယ်လို့ ဥက္ကဋ္ဌကြီးအနေနဲ့ သေချာပေါက် ထင်မြင်မိပါသလား။

ဦးစိုင်းအိုက်ပေါင်း – ကျွန်တော်တို့ မြင်တာတော့ ဒီရွေးကောက်ပွဲပဲဗျ။ ခင်ဗျား တခြားထွက်ပေါက်က ဘယ်လိုရှိသေးလို့လဲ။ ခင်ဗျားတို့ မြင်ရင် နည်းနည်းပြောပြပါဦး။ (ရယ်လျှက်) တခြားထွက်ပေါက်ရှိရင်တော့ ကျွန်တော်တို့ မလုပ်တော့ဘူးဗျာ။ ပင်ပန်းတယ်။ ထိုင်နေမယ်။

MT News – ဥက္ကဋ္ဌကြီးတို့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကာလမှာ ဘယ်လို စံတွေနဲ့ ရွေးချယ်သွားမှာလဲ ဆိုတာ သိပါရစေ။

ဦးစိုင်းအိုက်ပေါင်း – ခင်ဗျား မေးခွန်းကောင်းတယ်။ အဓိက,က ကျွန်တော်တို့ ဒေသခံကို ရွေးမှာ။ ဒေသခံဆိုပေမယ့် တကယ့် လူတော်လူကောင်းဖြစ်ရမယ်။ ကိုယ်ကျိုးရှာတဲ့သူဆိုရင် ကျွန်တော်တို့က ပါတီကစည်းကမ်းနဲ့ ထိန်းထားမယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာပြီးတော့ သူ့ကိုယ်ကျိုးပဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပါတီစည်းကမ်းထဲမှာ ရှိတယ်။ သူ့ကို ဖြုတ်လို့ရတယ်။ သူ့ကိုဖြုတ်မယ်။ ငွေ သိန်းငါးရာလည်း သူ လျော်ရမယ်။ ပါတီကလည်း နုတ်ထွက်ရမယ်။ ကိုယ်ကျိုးရှာတဲ့သူ ကျွန်တော်တို့ ပါတီထဲမှာ မရှိရဘူး။ ကျွန်တော်တို့ ကြပ်ထားတယ်ဆို သူက မလုပ်ရဲတော့ဘူးလေ။ ကိုယ်စားလှယ်ရွေးရင်လည်း တကယ်ပရဟိတ လုပ်ချင်တဲ့သူ တက်လာမှာ။ မဟုတ်ရင် ကိုယ်ကျိုးရှာတဲ့သူလာရင် ဘာလုပ်တော့မလဲ။ ဒီလောက် အပင်ပန်းခံ လုပ်ထားပြီးမှ သူတို့အတွက် လုပ်ပေးသလို ဖြစ်တော့မှာပေါ့။

MT News – ဥက္ကဋ္ဌကြီးတို့အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့နော်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ရွေးကောက်ပွဲဝင်မယ်ဆိုတာက ဘယ်လို ဆုံးဖြတ်ခဲ့တာလဲ ခင်ဗျာ။

ဦးစိုင်းအိုက်ပေါင်း – ကျွန်တော်တို့ ပြည်ထောင်စုကြီး ဖြစ်လာတာက ရှမ်းနဲ့ ဗမာ ခေါင်းဆောင်ကြောင့် ဖြစ်လာတာ။ ဒါ အမှန်အကန်လေ။ မဟုတ်ရင် မြန်မာနိုင်ငံ ဒီမြေပုံကြီးက ဖြစ်ပေါ်လာစရာ အကြောင်းကို မရှိဘူး။ အင်္ဂလိပ်တွေက ရှမ်းတွေ မင်းတို့ လွတ်လပ်ရေး မယူနဲ့။ ဒိုမီနီယံ လုပ်လိုက်။ စော်ဘွားတွေကို စည်းရုံးနေတာ။ စော်ဘွားတွေက မြန်မာတွေနဲ့ ဆက်ဆံရတာ နှစ်ပေါင်းကြာလှပြီလေ။ သံယောဇဉ်ဖြစ်နေတော့ စော်ဘွားတွေရော ရှမ်းခေါင်းဆောင်တွေရောက ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်းကို ယုံတယ်လေ။ ဒါကြောင့် ပင်လုံစာချုပ် လက်မှတ်ထိုးလိုက်တာ။ ပြည်ထောင်စုကြီး ဖြစ်လာပြီး ရှမ်းအပါအဝင် ဗမာအပါအဝင် ကျန်တဲ့တိုင်းရင်းသားတွေ အခုထိဗျာ ကောင်းကောင်းမွန်မွန် မနေရဘူးလေ။ ဆင်းရဲဒုက္ခမျိုးစုံ။ တချို့ ထမင်းငတ်နေတယ်။ တစ်နပ်ပဲ စားရတဲ့သူတွေ ရှိတယ်။ ခင်ဗျားတို့ မီဒီယာတွေစုံစမ်းကြည့်။ အဲဒီ ပြည်သူလူထု အခက်အခဲကို ကျွန်တော်တို့လုပ်ပေးစေချင်တယ်။ အန်ကယ်က အသက် ၇၈ နှစ် ရှိပြီ။ သားသမီးတွေလည်း ကြီးကုန်ပြီ။ မြေးတွေလည်း အလုပ်တွေ အကိုင်တွေနဲ့။ ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားတယ်။ လူဖြစ်လာပြီး လူ့အကျိုးကို မဆောင် ရွက်နိုင်ရင် အလကား သေသွားတာပဲ ရှိတယ်။ အသက်ရှင်နေတုန်းမှာ ပြည်သူလူထု တိုင်းရင်းသားတွေက လူပဲ။ ကိုယ့် ညီအစ်ကိုတွေပဲ။ သူတို့ အကျိုးကို ဆောင်ရွက်ချင်တယ်။ တိုင်းရင်းသားအားလုံး အကျိုးကို ဆောင်ရွက်ချင်တယ်ဆိုရင် ရှမ်းရော၊ ဗမာရော၊ ကရင်ရော၊ မွန်ရော အကုန်လုံး အကျိုးပဲလေ။ ဒီလုပ်ငန်းက ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ပရဟိတလုပ်ငန်းပဲ။ ပါတီလုပ်တာက ကုသိုလ်ရေးလုပ်ငန်းပဲ။ အန်ကယ်က အဲ့ဒီလို မြင်ထားတယ်။ မွန်မြတ်တယ်။ နို့မဟုတ်ရင် ဒီ ချွေးတဒီးဒီးနဲ့ ဒီ ရှမ်းအင်္ကျီ ဝတ်ပြီး ချွေးအပေခံပြီး မေးနေတာကို ဖြေနေရတာ လွယ်တာ မဟုတ်ဘူးလေကွာ။

MT News – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *