၁၇.၈.၂၀၂၆
Written by Linn Eain
မင်္ဂလာဈေးအား စက်တင်ဘာလအကုန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အပ်နှံမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ယနေ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေး၏ “မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီးအား ဆောက်လုပ်သူမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ မည်သည့် ရက်၊ လ၊ နှစ်တွင် နောက်ဆုံးထားအပ်နှံမည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့် ရက်၊ လ ကာလအကြာ၌ မင်္ဂလာဈေးကြီး ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း” နှင့်ပတ်သက်သည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။





စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က “ဒီမှာ ကုမ္ပဏီနဲ့ စာချုပ်သဘောတူညီချက်၊ နောက်ပြီးတော့ သဘောတူညီချက်အရ ဒီ Construction လုပ်ငန်းများကို သတ်မှတ်ထားတဲ့ ရှစ်ထပ်အထိပေါ့။ ဒါပေမဲ့ ကိုးလပိုင်း စက်တင်ဘာလကုန်မှာ အပြီးအပ်နှံဖို့ ကျွန်တော်တို့က နောက်ဆုံးစာချုပ်နဲ့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အဖွဲ့အစည်း လက်ခံရေးအဖွဲ့ ဖွဲ့စည်းပြီးတော့မှ နေ့စဉ် ကျွန်တော်တို့ လုပ်ငန်းဇယား ဆွဲပြီးတော့မှ ပြီးစီးမှု ရှိမရှိကို ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။ ကိုးလပိုင်းအပြီး ရရှိဖို့အတွက်။ တကယ်လို့ ကိုးလပိုင်းမှာ ခုနက ကျွန်တော်ပြောတဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ၊ နောက်တစ်ခါ ကျွန်တော်တို့ ရှစ်ထပ်အမိုး ပြီးသွားပြီ၊ Decoration ပိုင်း ပြီးသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ လက်ခံပြီးရင်တော့ ဆိုင်ခန်းနေရာ ချထားမှုကတော့ အကုန်လုံး ပြီးသလောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုးလပိုင်းအကုန်မှာ ကုမ္ပဏီတွေနဲ့ အပ်နှံပြီးပြီ ဆိုလို့ရှိရင် ကျွန်တော်တို့က တစ်လအတွင်း ၁၀ လပိုင်းထဲမှာ ဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၉ လပိုင်းမှာ အပ်နှံဖို့ကိုလည်း ကျွန်တော်တို့က တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်” ဖြေကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးသည်
၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် မီးဘေးသင့်ခဲ့ပြီး
အသစ်ပြန်လည်တည်ဆောက်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်ခဲ့သည့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍တည်ဆောက်ခဲ့ရာ ကုမ္ပဏီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်တွင် တည်ဆောက်မှုပြီးစီး၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အပ်နှံမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လွှဲပြောင်းလက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လက်ခံဆောင်ရွက်မည်ဖြစ်ပြီး မြေပြင်တွင် ဈေးဆိုင်ခန်းများအတွက် မြို့ပြဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရေပေးဝေရေးနှင့် မီးလိုင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ပေးရန်နှင့် ဆိုင်ခန်းများအတွက် သီးသန့်မီးလိုင်းဆိုင်ရာ Transformer နှင့် Generator အထိုင်ချတပ်ဆင်ခြင်း၊ ဓာတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းများ၊ လှေကားနံရံ မွမ်းမံခြင်းလုပ်ငန်းများအပါအဝင် မင်္ဂလာဈေးသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်စွာဖြင့် အမြန်ပြီးစီးနိုင်ရန် စဉ်ဆက်မပြတ် နေ့စဉ် တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
