၁၇.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု၌ အမြန်စစ်ဆေးကိရိယာဖြင့် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ (Cholera Positive) လူနာ (၁၄၀) ဦးနှင့် ဓာတ်ခွဲခန်းအတည်ပြု ကာလဝမ်းရောဂါပိုးတွေ့ရှိသူ (Vibrio Cholera Positive) လူနာ (၉) ဦး ရှိခဲ့ပြီး ဩဂုတ် ၁၆ ရက်အထိ လူနာသစ် ၆၇ ဦးသာ ရှိတော့သဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ဆန်းဆန်းဝင်း၏ ” ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရာသီအလိုက်ဖြစ်ပေါ်လျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါများဖြစ်ပေါ်လာပါက ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် မည်သို့စီစဉ်ထားရှိသည်နှင့် ရောဂါကူးစက်မှုများ မဖြစ်ပွားစေရေး လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့်မေးခွန်း” ကို ဖြေကြားရာတွင် ဦးဗိုလ်ဌေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။




“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအနေဖြင့် ၉.၈.၂၀၂၆ ရက်နေ့မှ စတင်ဖြစ်ပွားပြီးတော့ ၁၀.၈.၂၀၂၆ နေ့မှာ ရောဂါဖြစ်ပွားသူ (၂၉) ဦးရှိပြီး ၁၃.၈.၂၀၂၆ နေ့မှာ ဆေးရုံများသို့ လူနာသစ်ရောက်ရှိမှု (၁၀၅) ဦးထိ အများဆုံးရောက်ရှိခဲ့သော်လည်း ၁၆.၈.၂၀၂၆ နေ့မှာတော့ လူနာသစ် (၆၇) ဦးသာ ရှိသဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာတာ တွေ့ရှိရပါတယ်။ ၁၆.၈.၂၀၂၆ နေ့အထိ ဆေးရုံတက်ရောက်ခဲ့တဲ့ လူနာဦးရေ စုစုပေါင်း (၅၀၀) ဦးရှိရာမှ ရောဂါသက်သာပျောက်ကင်း၍ လူနာ (၂၈၈) ဦး ဆေးရုံဆင်းသွားတဲ့အတွက် လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများမှ လူနာ (၂၂၂) ဦး ဆေးကုသမှု ခံယူလျက်ရှိပါကြောင်း၊ ရောဂါပိုး တွေရှိမှု Cholera Positive လူနာ (၁၄၀) ဦးနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ စစ်ဆေးအတည်ပြုထားတဲ့ Vibrio Cholera Positive လူနာ (၉) ဦး တွေ့ရှိထားပါကြောင်း တင်ပြအပ်ပါတယ် ” ဟု ဦးဗိုလ်ဌေးက ထည့်သွင်း ဖြေကြားခဲ့သည်။
ရောဂါပိုးတွေ့ရှိသော လူနာများ နေထိုင်သော လူနေအိမ်များတွင်လည်း ကြိုတင်၍ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ သောက်သုံးရေများ သန့်ရှင်းစေရေး ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်နေရာများအား ထုံးများဖြူးခြင်းစသည့် ရောဂါပြန့်ပွား ဖြစ်ပွားမှု ထိန်းချုပ်ရေးနည်းလမ်းများအား ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၄ ရက်က စတင်ပြီး ရောဂါဖြစ်ပွားမှု ကျဆင်းလာခဲ့ကာ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါစတင်ဖြစ်ပွားသည့် အကြောင်းရင်းများအား သိရှိနိုင်ရေးအတွက် အစားအစာနှင့် ရေများအား စိစစ်ခြင်း၊ အများစု ဖြစ်ပွားရာ မြို့နယ်များတွင် ရေအရည်အသွေး ရောဂါပိုးပါဝင်မှု စစ်ဆေးခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး လမ်းဘေးဆေးဆိုင်များအား (၃) ရက်ခန့် စသည်ဖြင့် ကန့်သတ်၍ ခေတ္တပိတ်သိမ်းပြီး ရောဂါထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လူမှုရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများနှင့် စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ပါမောက္ခချုပ်၊ ဒုတိယဆေးရုံအုပ်ကြီး၊ ပါမောက္ခ ဌာနမှူး၊ ဆေးလက်ဖွဲ့နှင့် သက်ဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာအကူပိုင်နှင့် ကူးစက်အရေးပေါ် အနုဇီဝဗေဒ ဌာနများမှ မဟာဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ၊ Post-graduate students များအား ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် မွမ်းမံသင်တန်း Refresher Courses on Acute Gastroenteritis သင်တန်းပေးခြင်းနှင့် ဌာနတွင်း ညှိနှိုင်းဆွေးနွေးခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာကုတင် ၂၅၀ ခန့်ပါဝင်သည့် ဝမ်းပျက်ဝမ်းလျှော သီးသန့်လူနာ ကုသဆောင် (၅) ဆောင် အသစ်တိုးချဲ့ခဲ့ပြီး ၎င်းဝမ်းပျက်ဝမ်းလျှော လူနာကုသဆောင် သီးသန့် (၅) ခုအတွက် လိုအပ်သော ဆေးပစ္စည်းများ၊ ရောဂါပိုး ကူးစက်ထိန်းချုပ်ရေး ပစ္စည်းများ ထပ်မံဖြည့်ဆည်းရေး ဆောင်ရွက်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဝမ်းပျက်ဝမ်းလျှော လူနာမိသားစုဝင်များ၊ အနီးဝန်းကျင် အိမ်များနှင့် ပြည်သူများအား Doxycycline ဆေးပြားများ တိုက်ကျွေးခြင်း၊ လူနာများ၏ ဝမ်းနမူနာရယူပြီး ကာလဝမ်းရောဂါ Cholera စစ်ဆေးဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ Infection Prevention and Control အတွက် လူနာဆောင်များတွင် လူနာစောင့် (၁) ဦးသာ ဝင်ခွင့်ပြုခြင်း၊ လူနာ၏ အဝတ်အစားများအား ကလိုရင်းပါသော ပိုးသတ်ဆေးမှုန့် Bleaching powder စိမ်ပြီးမှသာ လျှော်ဖွပ်စေခြင်း၊ အညစ်အကြေး စွန့်ပစ်မှု လုပ်ငန်းလမ်းညွှန် Waste disposal guidelines နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သောက်ရေသန့် စက်ရုံများ၊ သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
